မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
မြိတ် ဒီဇင်ဘာ ၂၆
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြိတ် တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် သင်္ချာအသင်းနှင့် ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သင်္ချာအသင်းက ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒဿနိကဗေဒအသင်းနှင့်ဓာတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာဒဿနိကဗေဒအသင်းက သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဘော်လီဘောအဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေး နွယ်က ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။
ထို့နောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော သင်္ချာအသင်း နှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ဒဿနိကဗေဒအသင်းတို့အား မြိတ်တက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီနာယက ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာဝင်းဝင်းအိက တံခွန်စိုက်ဒိုင်းဆု များကို ပေးအပ်သည်။
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ဘာသာရပ်ပေါင်းစုံမှ အမျိုးသားဘော်လီဘောအသင်း ၁၀ သင်း၊ အမျိုးသမီးဘော်လီဘောအသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
MWD
