ချယ်လ်ဆီးအသင်းက ကိုးလ်ပယ်မာ၏ အပြောင်းအရွှေ့အတွက် ယူရို သန်း ၂၀၀ ရရှိမှသာ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြု
လန်ဒန် ဧပြီ ၁
ချယ်လ်ဆီးအသင်းက အသင်းမှ ကွင်းလယ်ကစား သမား ကိုးလ်ပယ်မာအား ခေါ်ယူလိုသည့်အသင်းများ အနေဖြင့် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ရရှိမှသာ အပြောင်းအရွှေ့အတွက် လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ကိုးလ်ပယ်မာသည် မန်စီးတီး အသင်းအကယ်ဒမီထွက်ကစားသမား တစ်ဦးဖြစ်သော်လည်း အသင်း၌ ပွဲကစားခွင့်မရရှိသည့်အတွက် ၂၀၂၃ ခုနှစ်က ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကစား ခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြလျက်ရှိသည်။
သို့သော် ကိုးလ်ပယ်မာသည် ယခုဘောလုံးရာသီတွင် အသင်း၌ မပျော်မရွှင်ဖြစ်နေသည့်အတွက် လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလ တွင် ဇာတိမြို့ဖြစ်သည့် မန်ချက်စတာမြို့ခံ မန်ယူ အသင်းထံ ပြောင်းရွှေ့ကစားလိုနေပြီး မန်ယူအသင်း ကလည်း ဖာနန်ဒက်၏နေရာ၌ ရေရှည်အစားထိုး ရန် ကိုးလ်ပယ်မာအား ခေါ်ယူလိုနေသည်ဟု သတင်း များထွက်ပေါ်နေခြင်းဖြစ်သည်။
ကိုးလ်ပယ်မာသည် ယခုဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့် ပြိုင်ပွဲစုံ ၃၁ ပွဲပါဝင်ကစားပြီး ချိန်တွင် ၁၃ ဂိုး သွင်းယူထားသော်လည်း အသင်း၌ မပျော်မရွှင်ဖြစ်နေသည့်အတွက် ထွက်ခွာလိုနေခြင်း ဖြစ်သည်။
သို့သော် ချယ်လ်ဆီးအသင်းနှင့် ကိုးလ်ပယ်မာတို့ ၏ စာချုပ်သက်တမ်းမှာ ၂၀၃၁ ခုနှစ်အထိ ကျန်ရှိနေပြီး ချယ်လ်ဆီးအသင်းက အဓိကကွင်းလယ် ကစားသမား တစ်ဦးကို လက်မလွှတ်လိုသည့်အတွက် မြင့်မား သည့်ပြောင်းရွှေ့ကြေးတစ်ရပ် သတ်မှတ်ထားကြောင်း သိရသည်။
MWD
