ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Myanmar Fight 31)ပြိုင်ပွဲများ ကျင်းပ

News Image

  • ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Myanmar Fight 31)ပြိုင်ပွဲများ ကျင်းပ

ပဲခူး      ဧပြီ     ၁

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန   မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က  ကြီးမှူးပြီး ပဲခူးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ ဆပ်ကော်မတီနှင့်  ရပ်မိရပ်‌ဖ စေတနာရှင်၊ ဝါသနာရှင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သော ရွှေမော်ဓောစေတီတော်မြတ်ကြီး  ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (Myanmar Fight 31)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် နှစ်ချီပြိုင်ပွဲ ၂၂  ပွဲ၊  သုံးချီပြိုင်ပွဲ ၁၂ ပွဲ၊  လေးချီပြိုင်ပွဲ သုံးပွဲကျင်းပခဲ့သည်။ လေးချီ စိန်ခေါ်ပွဲများတွင် မြင့်မြတ်မောင်(ပဲခူးကလပ်)နှင့် ခွန်မင်းမင်း (ရွှေဘားလား/သထုံ)တို့  ပြိုင်ပွဲတွင် မြင့်မြတ်မောင် လက်သီးတွဲလုံးကြောင့် ဒုတိယအချီတွင် ခွန်မင်းမင်း အနားတောင်းခဲ့ရသည်။ တတိယအချီတွင်  သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကြရာ မြင့်မြတ်မောင် လက်သီးထိုးချက်များကြောင့် ခွန်မင်းမင်း  အရှုံးပေးလိုက်ရသည်။

အာကာဗိုလ်(ပဲခူးကလပ်)နှင့် ရဲရင့်မာန်(တောင်ဇလပ်)တို့ ပြိုင်ပွဲတွင် အာကာဗိုလ်က ဒုတိယအချီတွင်   ရဲရင့်မာန်ကို  အလဲထိုးနိုင်ခဲ့သည်။

ကျော်နိုင်ထွန်း(အဖြူရောင်သွေးသစ်)နှင့် ကောင်းထက်ဟိန်း(လုံးချောကလပ်)တို့ ပြိုင်ပွဲတွင် အလူးအလဲဖြင့်  ပူးတွဲသရေကျခဲ့သည်။

ထို့‌နောက် မြန်မာနိုင်ငံ‌ မွေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝဏ္ဏက အားကစားသမားများအား ဆု‌ငွေများ ချီးမြှင့်ခဲ့‌ပြီး ပဲခူးတိုင်းဒေသကြီး ရိုးရာလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းထွဋ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။                        

ဗလ

MDN