ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရေးလုပ်ဆောင်ရန် တရုတ်နိုင်ငံ၌ ညှိနှိုင်းသဘောတူ

News Image

  • ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရေးလုပ်ဆောင်ရန် တရုတ်နိုင်ငံ၌ ညှိနှိုင်းသဘောတူ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြုလုပ်သောတရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယားသုံးနိုင်ငံ ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က    နယ်စပ်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပိုမိုခိုင်မာစေရေး လုပ်ဆောင်သွားရန် သဘောတူကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံ၍ နယ်စပ်တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး အလေးထား ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသည် ဒီဇင်ဘာလ ၂၇ ရက်တွင် နယ်စပ်၌ နှစ်နိုင်ငံတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။  ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုရရှိထားသော အပစ်အခတ်ရပ်စဲရေးသည် ရခဲလှသော အခွင့်အရေးဖြစ်သဖြင့်   ၎င်းကိုအဆုံးထိ ဆုပ်ကိုင်ထားရန် တိုက်တွန်းထားသည်။

ပြင်းထန်သော နှစ်နိုင်ငံနယ်စပ်တိုက်ပွဲများကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ဒေသခံပြည်သူ ငါးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးက အလွန်အရေးကြီးသော အချက်ပင်ဖြစ်သည်။ ရရှိထားသော သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးသည် တပ်ဖွဲ့ဝင်များကို လက်ရှိနေရာများ၌ပင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။                        

Ref: Xinhua

MWD