ထိုင်းနှင့် ကမ္ဘောဒီးယားကြား အပစ်ရပ်စဲရေး ရေရှည်တည်တံ့စေရန် တရုတ်နိုင်ငံက ကူညီပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရရှိထားသော အပစ်အခတ် ရပ်စဲရေး သည် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောသော အခန်းကဏ္ဍမှ ပါဝင်ပေးရန် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow က တောင်းဆိုလိုက်သည်။ ထို့အပြင် တင်းမာမှုများ နောက်ထပ်တစ်ကျော့ပြန် မဖြစ်ပွားစေရန် တရုတ်အစိုးရ အနေဖြင့် ရှင်းလင်းပြတ်သားသည့် တိုက်တွန်းမှုမျိုး ပြုလုပ်သင့်ကြောင်း လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Sihasak သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက်မည့် နှစ်ရက်ကြာခရီးစဉ် မတိုင်မီ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါခရီးစဉ်အတွင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn လည်း တက်ရောက်ရန် အစီအစဉ်ရှိသည်။ ယခုတွေ့ဆုံမှုသည် တရုတ် အထူးကိုယ်စားလှယ်တစ်ဦးက ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“အထွေထွေ နယ်စပ်ကော်မတီ (GBC) အစည်းအဝေး ပြီးဆုံးပြီးသည့် နောက်မှာ ယခုဆွေးနွေးပွဲများကို ပြုလုပ်ခြင်းဖြစ်ပါသည်” ဟု Sihasak က ပြောကြားခဲ့သည်။ “ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ကမ္ဘောဒီးယား နှင့် ဖြစ်နေသည့် မိမိတို့၏ အငြင်းပွားမှုမှာ ကြားဝင် စေ့စပ်ပေးသူ သက်သက်အဖြစ်သာ ရှုမြင်ခြင်းမဟုတ်ပါ” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ “ရေရှည်တည်တံ့သည့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာရန် အတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍ ကနေ ပါဝင်ကူညီပေးစေချင်ပါသည်။ အထူးသဖြင့် ထိုကဲ့သို့ သဘောထား မျိုးကို ကမ္ဘောဒီးယားနိုင်ငံဆီ တိုက်ရိုက်အသိပေး ပြောကြားပေးရန်လည်း လိုလားပါသည်” ဟု ၎င်းက ဆိုသည်။
“ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံက အလိုရှိ သော်လည်း မိမိတို့၏ လုပ်ထုံးလုပ်နည်းများအပေါ်မှာတော့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမှာပါ” ဟု Sihasak က မှတ်ချက်ပြုခဲ့ပြီး “မည်သည့် အဖွဲ့အစည်း၏ ဖိအားပေးမှုအောက်တွင် မိမိတို့ လုပ်ဆောင် သွားမည် မဟုတ်ပါ” ဟုလည်း ပြောကြားခဲ့သည်။ လုပ်ငန်းစဉ်အပေါ် နှစ်နိုင်ငံပိုင်ဆိုင်မှုကို ထိန်းသိမ်းထားစဉ် ဒေသတွင်း သံတမန်ရေးဆိုင်ရာ မူဘောင်အတွင်း အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရန် ဘန်ကောက်၏ ကြိုးပမ်းမှုကို မှတ်ချက်များက ဖော်ပြနေသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရကလည်း ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံတို့၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုလိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်တွင် နိုင်ငံခြားရေး ဝန်ကြီး Marco Rubio က “ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် အဆိုပါ ကတိကဝတ်ကို ချက်ချင်းလေးစားလိုက်နာရန်နှင့် ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက် (Kuala Lumpur Peace Accords) ပါ အချက်အလက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ရန် မိမိတို့ တိုက်တွန်းပါသည်” ဟု ပြောကြားခဲ့သည်။
ထိုအတောအတွင်း ဘယ်လာရုစ်နိုင်ငံမှ ကုန်တင်လေယာဉ်တစ်စင်း ဖနွမ်းပင်မြို့သို့ ဆင်းသက်ခဲ့သည့် ပုံရိပ်များ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာ ပြီးနောက် ကမ္ဘောဒီးယားသည် အပစ်ရပ်သဘောတူညီချက် လက်မှတ် ရေးထိုးပြီးမှ စစ်အင်အား ဖြည့်တင်းနေသည်ဆိုသည့် စိုးရိမ်မှုများကို ထိုင်းအာဏာပိုင်များက ပယ်ချခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေ ပူးတွဲကွပ်ကဲမှုဌာနတွင် ညွှန်ကြားရေးမှူး ACM Prapas Sonjaidee က ပြောကြားရာတွင် အဆိုပါ လေယာဉ်၏ စတင်ထွက်ခွာရာနေရာ၊ ဦးတည်ရာ၊ ဖြတ်သန်းသည့် လမ်းကြောင်း၊ သယ်ဆောင်နိုင်သည့် ပမာဏ၊ ပျံသန်းနိုင်သည့် အကွာအဝေး နှင့် မည်သည့်ပစ္စည်းများ ပါရှိလာနိုင်သည်ဟူသော အချက်အလက်များ အပါအဝင် လေကြောင်းခရီးစဉ်နှင့် ပတ်သက်၍ ထောက်လှမ်းရေး သတင်း အပြည့်အစုံရှိကြောင်း ပြောဆိုခဲ့သည်။ “မိမိတို့ အခြေအနေကို ထောက်လှမ်းရေး ရှုထောင့်ကနေ ဆက်လက်သုံးသပ်နေပါသည်၊ စစ် အင်အား ဖြည့်တင်းသည်ပဲဖြစ်ဖြစ်၊ တခြားထူးခြားမှုများသာ ရှိလာပါစေ၊ တစ်ခုခုကို အသုံးပြုလာမည်ဆိုပါက ပြည်သူလူထုကို ကာကွယ်ရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက် မိမိတို့မှာ လုပ်ဆောင်ရမည့် အစီအမံများ ရှိပြီးသားပါ” ဟု ၎င်းက ဆိုသည်။
ထိုင်းဘုရင့်လေတပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Wing Commander Nattanai Chanpleng ကလည်း ဖနွမ်းပင်သို့ ပျံသန်းခဲ့သည့် IL-62M ကုန်တင်လေယာဉ်၏ လှုပ်ရှားမှုကို စစ်တပ်က အနီးကပ် စောင့်ကြည့် နေကြောင်း ပြောကြားခဲ့သည်။ ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုမှန်သမျှကို ဆက်လက်စောင့်ကြည့်နေပြီး လေတပ်အနေဖြင့်လည်း ၂၄ နာရီပတ်လုံး အသင့်အနေအထားရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
သီးခြားသတင်းများအရ Army Military Force ၏ လူမှုကွန်ရက်စာ မျက်နှာတွင်တနင်္ဂနွေ (ဒီဇင်ဘာ ၂၈) နေ့ နံနက် ၁၁ နာရီတွင် Air China လေကြောင်းလိုင်းမှ ပျံသန်းသည့် လေယာဉ်အမှတ် CAO10903 ရှိသော Boeing 747-4FTF (400F) ကုန်တင်လေယာဉ်ကြီးတစ်စင်းသည် ကန်ဒါ ပြည်နယ်ရှိ တေချို (Techo) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက် ခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ရှန်ဟိုင်းမှ ဖနွမ်းပင်သို့ တိုက်ရိုက်ပျံသန်းလာခြင်း ဖြစ်သည်။ ထို့နောက် မကြာမီမှာပင် တရုတ် အစိုးရက လတ်တလော အခြေအနေများကြောင့် ဆိုးရွားစွာ ထိခိုက် ခံစားနေရသော အရပ်သားများ၏ အခက်အခဲများကို လျော့ပါးစေရန် အတွက် ကမ္ဘောဒီးယားအစိုးရထံ “အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ” ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
