မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ သရေရလဒ်ထွက်ပေါ်

News Image

  • မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ သရေရလဒ်ထွက်ပေါ်

ရန်ကုန်  ဒီဇင်ဘာ ၃၁

၂၀၂၅-၂၀၂၆ ရာသီမြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၀)ပြိုင်ပွဲတစ်ပွဲဖြစ်သည့်  ရှမ်းယူနိုက်တက်အသင်းနှင့်  ရန်ကုန်ယူနိုက်တက်အသင်းတို့ ယ‌နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဂိုးမရှိသရေဖြင့် ရမှတ်တစ်မှတ်စီ ခွဲယူခဲ့ကြသည်။

ရှမ်းယူနိုက်တက်အသင်းသည်  ကိုးပွဲကစားပြီးချိန်၌ ရှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၂၅ မှတ်ဖြင့် အဆင့်(၁)နေရာတွင် ရပ်တည်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းသည်   ကိုးပွဲကစားပြီးချိန်၌ ခုနစ်ပွဲနိုင်၊  တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၂၂ မှတ်ဖြင့် အဆင့်(၂)နေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

အသင်းကြီးများပီပီ   ပထမပိုင်းတွင် အပြန်အလှန်တိုက်စစ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး  နှစ်ဖက်ဂိုးဧရိယာအတွင်း ဂိုးခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း သေချာသောဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ကြပေ။ 

 အပြန်အလှန်တိုက်စစ်များ ရှိခဲ့သော်လည်း နောက်တန်းခံစစ်ကို    ထိရောက်စွာထိုးဖောက်နိုင်ခြင်း မရှိသည့်အတွက် ပထမပိုင်းတွင် ဂိုးမရှိသရေဖြင့်သာ  ပွဲပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင်    ရှမ်းယူနိုက်တက်အသင်းက ပထမပိုင်းထက်   ပြိုင်ဘက်အသင်းကိုပို၍ဖိကစားခဲ့သော်လည်း  ရန်ကုန်နောက်တန်းကို ဖြတ်ကျော်နိုင်ခြင်းမရှိ၍ ရလဒ်ပြောင်းလဲခြင်းမရှိခဲ့ပေ။ ပွဲကစားချိန်ကြာလာသည်နှင့် ရန်ကုန်အသင်း ခံစစ်ဘက်ပြောင်းကာကစားလာခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း၏ ရဲရင့်အောင်၊ မြတ်ကောင်းခန့်နှင့်ခွန်ကျော်ဇင်ဟိန်းတို့ တရစပ်တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်  ရန်ကုန်နောက်တန်းကို မကျော်လွှားနိုင်၍    ဂိုးရရှိမှုမရှိခဲ့ဘဲ သရေရလဒ်ဖြင့်ပင်  ပြိုင်ပွဲပြီးဆုံးသွားခဲ့သည်။

ပွဲစဉ်(၁၀)ပြိုင်ပွဲ၏  အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် မဟာယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်မှုတွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။                           

ဝန်းရံခ

MWD