ဗင်နီဇွဲလားနိုင်ငံက အမေရိကန်သို့ ရေနံစည်ပေါင်း သန်းနှင့်ချီ လွှဲပြောင်းပေးရမည်ဟူသော သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ‘ဗိုလ်ကျစိုးမိုးမှု’ ဟုဆိုကာ ဝေဖန်

News Image

  • ဗင်နီဇွဲလားနိုင်ငံက အမေရိကန်သို့ ရေနံစည်ပေါင်း သန်းနှင့်ချီ လွှဲပြောင်းပေးရမည်ဟူသော သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ‘ဗိုလ်ကျစိုးမိုးမှု’ ဟုဆိုကာ ဝေဖန်

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ရေနံစည်ပေါင်းသန်းနှင့်ချီ၍ အမေရိကန်သို့ လွှဲပြောင်းပေးအပ်ရမည်ဟူသော သမ္မတ ထရမ့်၏ ကြေညာချက်ကို တရုတ်နိုင်ငံက "ဗိုလ်ကျစိုးမိုးမှု" (Bullying) ဟု ခေါ်ဆိုကာ ဝေဖန် လိုက်သည်။

ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က "ဗင်နီဇွဲလားသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့ ပိုင်နက်အတွင်းရှိ သဘာဝသယံဇာတများနှင့် စီးပွားရေးလုပ်ငန်းစဉ်တွေ အပေါ် အပြည့်အဝနှင့် အမြဲတမ်း လွတ်လပ်စွာကျင့်သုံးခွင့်ရှိပါသည်" ဟု ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်သည် ဗင်နီဇွဲလားအပေါ် "အင်အားသုံး၍ သိသိသာသာ ခြိမ်းခြောက်နေပြီး 'America First' မူဝါဒ အောက်မှာ ဗင်နီဇွဲလား၏ ရေနံသယံဇာတတွေကို စွန့်လွှတ်ရန် တောင်းဆို နေပါသည်" ဟုလည်း သူမက စွပ်စွဲပြောဆိုခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားအနေဖြင့် ပိတ်ဆို့  အရေးယူခံထား ရသည့် ရေနံစည်ပေါင်း သန်း ၃၀ မှ သန်း ၅၀ အထိကို စျေးကွက် ပေါက်စျေးဖြင့်ရောင်းချရန် အမေရိကန်သို့ လွှဲပြောင်းပေးရမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံ၏တုံ့ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ထရမ့်အနေဖြင့် မည်သည့်အချိန်ကာလအတွင်း လွှဲပြောင်းရမည် ကို အတိအကျထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ ယင်းမှရရှိလာသော အကျိုးအမြတ်များကို "ဗင်နီဇွဲလားနှင့် အမေရိကန်ပြည်သူများ၏ အကျိုး အတွက် အသုံးပြုရန် သေချာစေရန်" အမေရိကန်သမ္မတအနေဖြင့် မိမိ၏ ထိန်းချုပ်မှုအောက်တွင်ထားရှိမည်ဟုလည်း ၎င်းက ထပ်လောင်း ပြောဆို ခဲ့သည်။

"ယင်းက ပုံစံခွက်ဝင် ဗိုလ်ကျစိုးမိုးသည့် လုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း၊ ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာကို ကြီးကြီးမားမား ထိပါးခြင်းနှင့် ဗင်နီဇွဲလား ပြည်သူများ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာထိုးနှက်လိုက်ခြင်းသာ ဖြစ်ပါသည်" ဟု မော်နင်းက ဆိုသည်။

အမေရိကန်သို့ ရေနံများလွှဲပြောင်းပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဗင်နီဇွဲလားအစိုးရဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိ သေးပေ။

ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကဏ္ဍတွင် အမေရိကန်နှင့် အမေရိကန် ကုမ္ပဏီများကို အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုရန် ဗင်နီဇွဲလား ယာယီသမ္မတအား တောင်းဆိုလိုကြောင်း သမ္မတထရမ့်က ယခင်ကလည်း ပြောကြားခဲ့ဖူးသည်။ ABC News ၏ ဖော်ပြချက်အရ ထိုအစီအစဉ်ကို သိရှိနားလည်သည့် သတင်းရင်းမြစ် သုံးခုကို ကိုးကား၍ပြောဆိုရာတွင် အမေရိကန်ဘက်က ဗင်နီဇွဲလားအနေဖြင့် ရေနံထုတ်လုပ်မှုတွင် အမေရိကန်နှင့်သာ သီးသန့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ရေနံစိမ်းရောင်းချ ရာတွင် အမေရိကန်ကိုဦးစားပေးရန် တောင်းဆိုနေကြောင်း သိရှိရသည်။ ထို့အပြင် ဗင်နီဇွဲလား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ကျူးဘား၊ အီရန်၊ ရုရှားနှင့် တရုတ်ကုမ္ပဏီများကို ဖယ်ထုတ်ရန်နှင့် အဆိုပါနိုင်ငံများနှင့် စီးပွားရေးအရ အဆက်အသွယ် ဖြတ်တောက်ရန် လည်း အမေရိကန်က တောင်းဆိုထားသည်။

ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာ့အရန်ရေနံပမာဏ၏ ၁၇ ရာခိုင်နှုန်းခန့် ရှိသော ရေနံစိမ်းစည်ပေါင်း ၃၀၃ ဘီလီယံခန့် ပိုင်ဆိုင်ထားသော်လည်း ထုတ်လုပ်မှုမှာမူ ကမ္ဘာ့ထုတ်လုပ်မှု၏ ၁ ရာခိုင်နှုန်းသာ ရှိသည်။ ၎င်းမှာ အမေရိကန်၏ပိတ်ဆို့အရေးယူမှုများနှင့် ဆယ်စုနှစ်များစွာကြာ စီမံခန့်ခွဲမှု အလွဲအချော်များကြောင့်ဖြစ်သကဲ့သို့ ဗင်နီဇွဲလားရေနံသည် သန့်စင်ရန် ခက်ခဲပြီး ကုန်ကျစရိတ်မြင့်မားခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ဗင်နီဇွဲလား ရေနံစိမ်းသည် တရုတ်နိုင်ငံ၏ စုစုပေါင်းရေနံတင်သွင်းမှု၏ ၄ ရာခိုင်နှုန်းခန့်ရှိပြီး တရုတ်နိုင်ငံမှာ ဗင်နီဇွဲလား၏ အကြီးဆုံးရေနံ ဝယ်ယူသူ ဖြစ်သည်။ သို့သော်လည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်မှစ၍ အမေရိကန်ကချမှတ်လိုက်သော ပို့ကုန်ပိတ်ပင်မှုကြောင့် ဗင်နီဇွဲလား တွင် သင်္ဘောများပေါ်နှင့် သိုလှောင်ကန်များအတွင်းစုပုံနေသည့် သန်းနှင့် ချီသော ရေနံစည်များမှာ ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂