ကျူးဘားသို့ ဗင်နီဇွဲလား ရေနံနှင့်ငွေကြေးစီးဆင်းမှု ရပ်တန့်တော့မည် ဟု သမ္မတထရမ့် သတိပေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံအနေဖြင့် ဗင်နီဇွဲလား နိုင်ငံထံမှ ရေနံနှင့် ငွေကြေးများ ဆက်လက် ရရှိတော့မည် မဟုတ်ကြောင်း ပြောကြားလိုက်ပြီး "နောက်ကျမသွားမီ" ဝါရှင်တန်နှင့် သဘောတူညီချက် တစ်ခုပြုလုပ်ရန် ကျူးဘားကျွန်းနိုင်ငံကို သတိပေးလိုက်သည်။
ဗင်နီဇွဲလား၏ ရင်းနှီးသောမဟာမိတ်ဖြစ်ပြီး ဈေးလျှော့ပေးထားသော ရေနံများကို အဓိက မှီခိုနေရသည့် ကျူးဘားနိုင်ငံသည် ဇန်နဝါရီလ အစောပိုင်းကတည်းက OPEC အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံမှပေးပို့သော ရေနံထောက်ပံ့မှုများ ပြတ်တောက်နေသည်ကို ကြုံတွေ့နေရသည်။ သင်္ဘောတင်ပို့မှု အချက်အလက်များအရ သမ္မတ နီကိုလပ်စ် မာဒူရိုအား အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင်ဗင်နီဇွဲလားဆိပ်ကမ်းများမှ ကျူးဘားကျွန်းသို့ ထွက်ခွာသည့် ရေနံစိမ်းတင် သင်္ဘော တစ်စင်းမျှမရှိတော့ကြောင်း သိရှိရသည်။ အမေရိကန် ဦးဆောင်သော တင်းကျပ်သည့် ရေနံပိတ်ဆို့မှုကြောင့် ထိုသို့ ပေးပို့မှုများ ရပ်တန့်သွားခြင်း ဖြစ်သည်။
သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “ကျူးဘားကို သွားမည့် ရေနံနှင့် ငွေကြေးတွေ နောက်ထပ် ရှိတော့မည် မဟုတ်ပါ၊ ကျူးဘားသည် နှစ်ပေါင်းများစွာကြာအောင် ဗင်နီဇွဲလားဆီက ရေနံနှင့် ငွေကြေး အမြောက်အမြားကို အားကိုးပြီး ရပ်တည်ခဲ့ခြင်း ဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။
၎င်းက ဆက်လက်ပြီး “နောက်ကျမသွားခင် ၎င်းတို့အနေဖြင့် သဘော တူညီချက်တစ်ခု လုပ်ဆောင်ရန် ကျွန်တော် အလေးအနက် အကြံပြုလို ပါသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ယခုလအစောပိုင်းက အမေရိကန်၏ ဝင်ရောက်စီးနင်းမှုအတွင်း ဗင်နီဇွဲလား နှင့် ကျူးဘား လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီးနောက် ကျူးဘား သည် လက်ရှိကြုံတွေ့နေရသော နက်ရှိုင်းသည့် စီးပွားရေး အကျပ်အတည်း နှင့် ဗင်နီဇွဲလား၏ရေနံထောက်ပံ့မှုမပါဘဲရပ်တည်ရန် ရုန်းကန် ရတော့မည့် အခြေအနေများကိုထောက်ပြကာ ကျူးဘားနိုင်ငံသည် “ပြိုလဲရန် အသင့် ဖြစ်နေပြီ” ဟု ထရမ့်က သတိပေးပြောဆိုထားသည်။
ကျူးဘားသမ္မတ မီဂွယ်ဒီယက်ဇ် ကာနယ်က သမ္မတထရမ့်၏ ခြိမ်းခြောက်မှုကို ပယ်ချလိုက်ပြီး ဝါရှင်တန်အစိုးရအနေဖြင့် ဟာဗားနားအပေါ် သဘော တူညီချက်တစ်ခု အတင်းအကျပ် လက်ခံခိုင်းရန် လုပ်ပိုင်ခွင့်မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ဒီယက်ဇ်-ကာနယ်က တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၁) တွင် X လူမှုကွန်ရက်၌ “ကျူးဘားက လွတ်လပ်ပြီး အချုပ်အခြာ အာဏာ ပိုင်သည့် လွတ်လပ်သည့်နိုင်ငံ ဖြစ်ပါသည် ၊ မည်သူကမျှ ကျွန်တော်တို့ ဘာလုပ်ရမည်ဆိုသည်ကို စေခိုင်း၍မရပါ” ဟု ရေးသားခဲ့သည်။ ထို့အပြင်ကျူးဘားသည် ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်၏ တိုက်ခိုက်မှု အောက်တွင် ရှိနေခဲ့ပြီး လိုအပ်ပါက မိမိကိုယ်ကိုယ် ကာကွယ် သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း ကရာကတ်စ်နှင့် ဝါရှင်တန်တို့သည် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ သဘောတူညီချက်တစ်ခုအတွက် ဆက်လက် ညှိနှိုင်း နေကြကြောင်း သိရှိရသည်။ ထိုသဘောတူညီချက်အရ ဗင်နီဇွဲလားသည် အမေရိကန်သို့ ရေနံစိမ်းစည်ပေါင်း သန်း ၅၀ အထိ တင်ပို့မည်ဖြစ်ပြီး ရရှိလာသောငွေကြေးများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြီးကြပ်သည့်အကောင့်များတွင် ထိန်းသိမ်းထားမည် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို အပါအဝင် ထရမ့်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးများက ဗင်နီဇွဲလားတွင် အမေရိကန်၏ ဝင်ရောက် စွက်ဖက်မှု သည် ကျူးဘားနိုင်ငံကို အစွန်းရောက်သည့် အခြေအနေသို့ တွန်းပို့ နိုင်မည် ဟု ယုံကြည်ကြောင်း ရှင်းလင်းစွာ ပြောကြားထားသည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟာဗားနားအပေါ် အမေရိကန်၏ ပြောဆိုမှုများ မှာ ပိုမိုပြင်းထန်လာခဲ့သည်။ အမေရိကန်သည် ၁၉၆၀ ပြည့်နှစ်များကတည်းက ကျူးဘားနိုင်ငံအပေါ် ဘက်စုံကုန်သွယ်ရေးပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့သည်။ အိုဘားမားနှင့် ဘိုင်ဒင် အစိုးရလက်ထက်များတွင် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ခြေလှမ်းအချို့ လှမ်းခဲ့သော်လည်း၊ ထရမ့် က ကျူးဘားကို "အကြမ်းဖက်မှုကို အားပေးသည့် နိုင်ငံများ" စာရင်း ထဲသို့ ပြန်လည်ထည့်သွင်းခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
