ယွမ်ငွေကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်ပြောင်းလဲရန်နှင့် ဘဏ္ဍာရေးအင်အားကြီးနိုင်ငံ တည်ဆောက်ရန် သမ္မတရှီကျင့်ဖျင် ရည်မှန်း
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်ယွမ်ငွေကို အမေရိကန် ဒေါ်လာကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး (Global Reserve Currency) အဆင့်အတန်းသို့ ရောက်ရှိစေရန်နှင့် တရုတ်နိုင်ငံကို ဦးဆောင်နေသည့် ဘဏ္ဍာရေးအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ရန် အတိအလင်း ကြေညာလိုက်သည်။
လွန်ခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာသော တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကသီအိုရီဂျာနယ် "ချိုးရှီ" (Qiushi) တွင် သမ္မတရှီက နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေလဲလှယ်ရေးဈေးကွက်များ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည့် "တောင့်တင်းခိုင်မာသော ငွေကြေး" တစ်ခုကို တည်ဆောက်ရန် လိုအပ်ကြောင်း ပထမဆုံးအကြိမ် ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
အဆိုပါ ပန်းတိုင်ကို အကောင်အထည်ဖော်ရန်အတွက် ထိရောက်သော ဗဟိုဘဏ်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည့် ဘဏ္ဍာရေးဗဟိုဌာနများ တည်ဆောက်သွားရန် ၎င်းက တိုက်တွန်းထားသည်။
ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလာခြင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာခြင်းနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် နိုင်ငံတကာ ဗဟိုဘဏ်များက ဒေါ်လာအပေါ် မှီခိုမှုကို ပြန်လည်သုံးသပ်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကျွမ်းကျင်သူများ၏အဆိုအရ ပေကျင်း၏ ရည်မှန်းချက်မှာ ဒေါ်လာကို ချက်ချင်းအစားထိုးရန်ထက် အမေရိကန်၏ ဘဏ္ဍာရေးဆိုင်ရာဖိအားပေးနိုင်စွမ်းကို ကန့်သတ်နိုင်မည့် မဟာဗျူဟာမြောက်အားပြိုင်မှုတစ်ခု ဖန်တီးရန် ဖြစ်သည်။
၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း စစ်ပွဲနောက်ပိုင်း ယွမ်ငွေသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးသုံးငွေကြေးဖြစ်လာခဲ့သော်လည်း ၂၀၂၅ ခုနှစ် အထိ ကမ္ဘာ့အရန်ငွေကြေးစာရင်းတွင်မူ ၂ ရာခိုင်နှုန်းခန့်သာ ရှိနေသေးပြီး အမေရိကန်ဒေါ်လာ (၅၇%) နှင့် ယူရို (၂၀%) တို့နောက်တွင် သိသိသာသာ နောက်ကောက်ကျနေဆဲဖြစ်သည်။
သို့သော် ယွမ်ငွေကို နိုင်ငံတကာကပိုမိုလက်ခံလာစေရန်မှာ စိန်ခေါ်မှုများစွာ ရှိနေသည်။ လေ့လာဆန်းစစ်သူများက တရုတ်နိုင်ငံအနေဖြင့် အရင်းအနှီးများ လွတ်လပ်စွာ စီးဆင်းခွင့်ပြုရန်နှင့် ငွေလဲလှယ်မှုကန့်သတ်ချက်များကို လျှော့ချရန်လိုအပ်ကြောင်း ထောက်ပြကြသည်။ တစ်ဖက်တွင်လည်း တရုတ်၏ ကုန်သွယ်ဖက်နိုင်ငံများက ယွမ်ငွေ တန်ဖိုးကို တမင်လျှော့ချထားသည်ဟု စွပ်စွဲမှုများရှိနေသော်လည်း တရုတ် ဗဟိုဘဏ်ကမူ ကုန်သွယ်ရေးအသာစီးရရန် ငွေကြေးတန်ဖိုးကို လျှော့ချထားခြင်းမရှိဘဲ တည်ငြိမ်မှုရှိရန်သာ အဓိကထားကြောင်း တုံ့ပြန်ထားသည်။
သမ္မတရှီ၏ထုတ်ပြန်ချက်သည် ကမ္ဘာ့ငွေကြေးစနစ်ကို ချက်ချင်းမပြောင်းလဲနိုင်သော်လည်း ဒေါ်လာ၏ လွှမ်းမိုးမှုလျော့ကျလာသော ကမ္ဘာ့အစီအစဉ်သစ်တွင် တရုတ်ယွမ်ငွေ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ခိုင်မာသော ရေရှည်ခြေလှမ်းတစ်ခုဖြစ်နေကြောင်း ထင်ရှားနေသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
