ရုရှားနိုင်ငံမှ ရေနံဝယ်ယူရေး ဂျပန်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးဖွယ်ရှိ
တိုကျို၊ စီးပွားရေးနှင့် စွမ်းအင်ဖူလုံမှု ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံမှ ရေနံဝယ်ယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း Ryukyu Shimpo သတင်းစာက ဧပြီလ ၂ ရက်နေ့တွင် ဖော်ပြသည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ်မေလတွင် ရုရှားနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်အတွင်း ရုရှားရေနံကို ဂျပန်သို့တင်ပို့ရောင်းချရေး ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်စီစဉ်ထားပြီး ယူကရိန်းပဋိပက္ခဖြစ်ပွား ပြီးနောက်ပိုင်းတွင် ဂျပန်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံအတွင်း၌ ၎င်းတို့၏လုပ်ငန်းများကို အပြည့်အဝပြန်လည် စတင်နိုင်ရန်အတွက် ဂျပန်အစိုးရက စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ရုရှားနိုင်ငံသို့ စေလွှတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဂျပန်ကုမ္ပဏီကြီးများဖြစ်သည့် Mitsubishi Corporation၊ Mitsui & Co. နှင့် Mitsui O.S.K. Lines အပါအဝင် အခြားဂျပန်ကုမ္ပဏီကြီးများမှ ထိပ်တန်းအမှုဆောင် အရာရှိများကိုလည်း အဆိုပါခရီးစဉ်တွင် ပါဝင်ရန် ဖိတ်ကြားထားကြောင်း သတင်းစာတွင် ရေးသားထားသည်။
သို့သော် ရုရှားနိုင်ငံအနေဖြင့် ရေနံစျေးနှုန်းအပေါ် ကန့်သတ်ချက် ချမှတ်ထားမှုကို ထောက်ခံအားပေးသော ဂျပန်နှင့်အခြားနိုင်ငံများသို့ ရေနံတင်ပို့ရောင်းချမည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး အန်ဒရေရူဒင်ကိုက မတ်လ ၃၁ ရက်နေ့တွင် ပြောကြားထားကြောင်းသိရသည်။
MWD
