မလေးရှားနိုင်ငံက အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း (e-waste) တင်သွင်းမှုကို ပိတ်ပင်တားမြစ်

News Image

  • မလေးရှားနိုင်ငံက အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း (e-waste) တင်သွင်းမှု ကို ပိတ်ပင်တားမြစ်

မလေးရှားနိုင်ငံက အန္တရာယ်ရှိသောပစ္စည်းများဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန်နှင့် ပတ်ဝန်းကျင်ကိုကာကွယ်ရန်အတွက် အီလက်ထရွန်နစ် အညစ်အကြေး (e-waste) တင်သွင်းမှုကို ပိတ်ပင်လိုက်ကြောင်း နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သော မလေးရှားသည် ကမ္ဘာပေါ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် အခြားအမှိုက်ဟောင်းများ အများဆုံးရောက်ရှိရာ နိုင်ငံတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ပြန်လည်အသုံးပြု၍မရသော တရားမဝင်အမှိုက်များ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကို တားဆီးရန် ရုန်းကန်နေရသည်။ 

အဆိုပါကိစ္စရပ်အတွက် အစိုးရ၏လုပ်ငန်းအဖွဲ့တွင် သဘာပတိအဖြစ်တာဝန်ယူထားသည့် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (MACC) ဥက္ကဋ္ဌ Azam Baki က အီလက်ထရွန်နစ် အညစ်အကြေးများကို အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ "လုံးဝ တင်သွင်းခွင့်မပြုသော ကုန်စည်" (Absolute Prohibition) အမျိုးအစားအဖြစ် ပြန်လည်သတ်မှတ်ကာ ချက်ချင်း အာဏာတည်စေရမည်ဟု ပြောကြားခဲ့သည်။

"အီလက်ထရွန်နစ် အညစ်အကြေးတွေကို နိုင်ငံထဲပေးမဝင်တော့ပါ၊ သက်ဆိုင်ရာဌာနအားလုံးပူးပေါင်းပြီး တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါလိမ့်မည်" ဟု Azam က ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတင်သွင်းမှုအပေါ် (၃) လကြာ ယာယီဆိုင်းငံ့ထားရန် အဆိုပြုချက်ကိုလည်း လုပ်ငန်းအဖွဲ့က ဆွေးနွေးနေကြောင်း ၎င်းက ဆိုသည်။ ထိုကြေညာချက်သည် အီလက်ထရွန်နစ် အညစ်အကြေးစီမံခန့်ခွဲမှုနှင့် ဆက်နွှယ်သည့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရားမဝင် e-waste စွန့်ပစ်မှုများနှင့် ဆက်နွှယ်သည့် လာဘ်ပေးလာဘ်ယူမှု စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အခြားအဆင့်မြင့်အရာရှိ နှစ်ဦးကို MACC က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် e-waste မည်မျှဝင်ရောက်နေသည်ကို အတိအကျ မသိရှိရသေးသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော Basel Action Network ၏ ယမန်နှစ်ကအစီရင်ခံစာအရ အမေရိကန် တစ်နိုင်ငံတည်းကပင် တစ်လလျှင် e-waste တန်ချိန် ၃၂,၉၄၇ ခန့် တင်ပို့နေပြီး မလေးရှားနိုင်ငံမှာ အဓိကလက်ခံရရှိရာ နေရာဖြစ်နေကြောင်း ခန့်မှန်းထားသည်။ အဆိုပါ တင်ပို့မှုအများစုမှာ တရားမဝင်ဖြစ်နိုင်ခြေများကြောင်းလည်း ဖော်ပြထားသည်။

ကိုးကား- Bangkok Post

Photo: Euronews

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂