မန္တလေးပဲဈေးကွက်၌ ပြည်ပပို့ကုန်ပဲစင်းငုံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်လျက်ရှိ
မန္တလေး ဖေဖော်ဝါရီ ၁၅
မန္တလေးပဲဈေးကွက်၌ ယခုရက်ပိုင်း အတွင်း ပြည်ပပို့ကုန်ဖြစ်သည့် ပဲစင်းငုံများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း မန္တလေးမြို့ ပဲနှမ်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံစိုက် တောင်သူများကို မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီသည့်အပြင် စိုက်ပျိုးချိန်တွင် ရာသီဥတု ကောင်းမွန်ပြီး ရောဂါပိုးမွှားများ ကျရောက်မှုမရှိသောကြောင့် ယခုနှစ်တွင် ပဲစင်းငုံ ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ်ကထက် ပိုမိုထွက်ရှိကာ ပဲစင်းငုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ဒီနှစ်မှာ ပဲစင်းငုံဈေးက ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင် ပိုပြီးဈေးကောင်း ရရှိတာကို တွေ့ရပါတယ်။ ယခင်နှစ်ကထက် စျေးပိုရရှိနေပါတယ်" ဟု မန္တလေး မြို့ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
ပဲစင်းငုံကို ပြည်တွင်းစားသုံးမှုထက် ပြည်ပသို့ ပိုမိုတင်ပို့နေရပြီး အဓိကစျေး ကွက်အနေဖြင့် အိန္ဒိယနိုင်ငံနှင့် G to G စာချုပ်ချုပ်ဆိုကာ နှစ်စဉ်ပဲစင်းငုံတန်ချိန် အမြောက်အမြား တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်း၌ ပဲစင်းငုံကို မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တောင်ပိုင်း နှင့် မြောက်ပိုင်းတို့တွင် အဓိကထားစိုက် ပျိုးကြပြီး နှစ်စဉ် ဇန်နဝါရီလမှ မတ်လ အတွင်း ပဲစင်းငုံများ လှိုင်လှိုင်ထွက်ပေါ် လေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပဲစင်းငုံများသည် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော အဓိက ပဲသုံးမျိုးထဲတွင် ပါဝင်သည့်အတွက် တောင်ပေါ်၊ မြေပြန့်မှ တောင်သူများက တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြ ကြောင်း၊ နိုင်ငံတော်မှလည်း အထွက်နှုန်း ကောင်းသော ပဲစင်းငုံမျိုးများ၊ ရာသီဥတုဒဏ်ခံနိုင်သော မျိုးများကို ဖြန့်ဝေပေးနေပြီး ပဲစင်းငုံစံပြစိုက်ကွက်များကိုလည်း စိုက် ပျိုးထားရှိကာ တောင်သူများကို စိုက်ပျိုး နည်းစနစ်များ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
MWD
