ပြင်သစ်နိုင်ငံသည် စစ်ဘက်ဆိုင်ရာ စီးပွားရေးစနစ်အတွက် ပြင်ဆင်နေကြောင်း Politico သတင်းဌာနက ဖော်ပြ

News Image

  • ပြင်သစ်နိုင်ငံသည် ယခုဆယ်စုနှစ်အကုန်တွင် ၎င်း၏ အသေခံဒရုန်း (Kamikaze drones) သိုလှောင်မှုကို လေးဆအထိ တိုးမြှင့်ရန်နှင့် ဒုံးကျည် လက်နက်တိုက်များကို အကြီးအကျယ် ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း Politico သတင်းဌာနက သောကြာနေ့ (ဧပြီ ၃) တွင် ဖော်ပြခဲ့သည်။ ၎င်းတို့ရရှိထားသော စစ်ဘက်ဆိုင်ရာ စီမံကိန်းဥပဒေမူကြမ်းတွင် ယင်း တွန်းအားပေးမှုကို စစ်ဘက်ဆိုင်ရာ စီးပွားရေးစနစ် (War Economy) အတွက် ပြင်ဆင်မှုများအဖြစ် ဖော်ပြထားသည်။ အစိုးရက လာမည့်သီတင်းပတ်တွင် တင်ပြရန်ရှိသည့် စာမျက်နှာ ၆၄ မျက်နှာပါ အဆိုပါစာတမ်းအရ ပြင်သစ်မူဝါဒချမှတ်သူ

ပြင်သစ်နိုင်ငံသည် ယခုဆယ်စုနှစ်အကုန်တွင် ၎င်း၏ အသေခံဒရုန်း (Kamikaze drones) သိုလှောင်မှုကို လေးဆအထိ တိုးမြှင့်ရန်နှင့် ဒုံးကျည် လက်နက်တိုက်များကို အကြီးအကျယ် ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း Politico သတင်းဌာနက သောကြာနေ့ (ဧပြီ ၃) တွင် ဖော်ပြခဲ့သည်။ ၎င်းတို့ရရှိထားသော စစ်ဘက်ဆိုင်ရာ စီမံကိန်းဥပဒေမူကြမ်းတွင် ယင်းတွန်းအားပေးမှုကို စစ်ဘက်ဆိုင်ရာ စီးပွားရေးစနစ် (War Economy) အတွက် ပြင်ဆင်မှုများအဖြစ် ဖော်ပြထားသည်။

အစိုးရက လာမည့်သီတင်းပတ်တွင် တင်ပြရန်ရှိသည့် စာမျက်နှာ ၆၄ မျက်နှာပါ အဆိုပါစာတမ်းအရ ပြင်သစ်မူဝါဒချမှတ်သူများသည် လက်နက်ကိုင် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခြင်းထက် ခဲယမ်းလက်နက်တိုက်များ ချဲ့ထွင်ရေးကိုသာ အဓိကအာရုံစိုက်ရန် ရည်ရွယ်ထားကြသည်။ ယင်းသည် အနောက်နိုင်ငံများ၏ လက်နက်လက်ကျန်များကို စိုးရိမ်ဖွယ်နှုန်းထားဖြင့် လျော့ပါးစေခဲ့သည့် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများမှ သင်ခန်းစာ ယူ၍ ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် အသေခံဒရုန်းကဲ့သို့သော ဝေဟင်ပစ်ခဲယမ်း (Loitering Munitions) သိုလှောင်မှုများကို ၄၀၀ ရာခိုင်နှုန်း၊ Safran ကုမ္ပဏီထုတ် AASM Hammer လမ်းညွှန်ဗုံးများကို ၂၄၀ ရာခိုင်နှုန်းနှင့် Aster နှင့် Mica ဒုံးကျည်များကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် စီစဉ်ထားကြောင်း Politico က ဖော်ပြခဲ့သည်။

အဆိုပါ မူကြမ်းတွင် ယင်းကြိုးပမ်းအားထုတ်မှုများကို စစ်ဘက်ဆိုင်ရာ စီးပွားရေးစနစ်အတွက် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဖော်ပြထားပြီး ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဦးစားပေးထုတ်လုပ်မှုစွမ်းရည်များအတွက် ပူးတွဲဘဏ္ဍာရေး ထောက်ပံ့မှုကဏ္ဍများသို့ စီးဆင်းစေမည်ဖြစ်ကြောင်း ပါရှိသည်။ ယင်းအဆိုပြုချက်အရ ပြင်သစ်၏ စုစုပေါင်းကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၇ ခုနှစ်တွင် ယူရို ၆၃.၃ ဘီလီယံ (ဒေါ်လာ ၇၃ ဘီလီယံ) ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ယူရို ၇၆.၃ ဘီလီယံအထိ တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်သည်။

ယင်းပမာဏများကို စီမံကိန်းဥပဒေတွင် သတ်မှတ်ထားသော်လည်း ဥပဒေပြုလွှတ်တော်က အတည်ပြုပြီးပါက နှစ်စဉ်လွှတ်တော်၏ အတည် ပြုချက်အသစ်ကို ထပ်မံရယူရန် လိုအပ်မည်ဖြစ်သည်။ ပြင်သစ်နိုင်ငံ အနေဖြင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားကိုတိုးမြှင့်ရန် သို့မဟုတ် Rafale တိုက်လေယာဉ်များနှင့် ဖရီးဂိတ်စစ်သင်္ဘောများကဲ့သို့သောအဓိကစစ်လက်နက်ပစ္စည်း အသစ်များကို ဝယ်ယူရန် အစီအစဉ် မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပဲရစ်သည် ဂျာမနီ၊ အီတလီ၊ စပိန်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် Eurodrone အမည်ရှိ တာဝေး ထောက်လှမ်းရေးအစီအစဉ်ကိုလည်း ဘေးဖယ်ထားပြီး အကြိမ်ကြိမ် ကြန့်ကြာနေသည့် အဆိုပါ စီမံကိန်းအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း မရှိတော့ပေ။ သို့သော် ပြင်သစ် သည် ၁၉၉၂ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် Leclerc ပင်မတိုက်ပွဲဝင် တင့်ကား၏ ဆက်ခံမည့် မော်ဒယ်သစ်အတွက် လေ့လာမှုများပြုလုပ်ရန် စဉ်းစားနေကြောင်း အစီရင်ခံစာအရ သိရှိရသည်။

အဆိုပါစီမံကိန်းသည် ပြင်သစ်နှင့် ၎င်း၏ဥရောပမဟာမိတ်များကို အမေရိကန်လက်နက်များအပေါ် မှီခိုမှုလျှော့ချရန်နှင့် မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဌာန်းခွင့် (Strategic Autonomy) ရရှိစေရန် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ ကာလရှည်ကြာ တွန်းအားပေးမှုနှင့် ကိုက်ညီ နေသည်။ ပဲရစ်အနေဖြင့် အင်အားကြီးနှစ်နိုင်ငံ၏ လက်အောက်ခံ မဖြစ်လိုကြောင်း ၎င်းက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ် မမှီခိုချင်သလို အမေရိကန်ရဲ့ ခန့်မှန်းရခက်တဲ့ အခြေအနေတွေအောက် မှာလည်း အလွန်အကျွံ အထိခိုက်မခံချင်ပါဘူး" ဟု ဖြည့်စွက် ပြောဆို ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂