ရုရှားအပေါ် ပိတ်ဆို့မှုများကြောင့် EU သည် ‘Suicide Ship’ ကဲ့သို့ ဖြစ်နေဟု စလိုဗက်ကီးယား ဝန်ကြီးချုပ် ဝေဖန်

News Image

  • ရုရှားအပေါ် ပိတ်ဆို့မှုများကြောင့် EU သည် ‘Suicide Ship’ ကဲ့သို့ ဖြစ်နေဟု စလိုဗက်ကီးယား ဝန်ကြီးချုပ် ဝေဖန်

စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) က ရုရှား အပေါ် ချမှတ်ထားသော စွမ်းအင်ဆိုင်ရာ ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်နှင့် မော်စကိုနှင့်ပြန်လည်ဆွေးနွေးရန် ဥရောပသမဂ္ဂ (EU) ကို ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပြီး လက်ရှိ EU ၏ မူဝါဒများသည် ၎င်း၏ ကိုယ်ပိုင် စွမ်းအင်လုံခြုံရေးကို ဖျက်ဆီးနေသည့် Suicide Ship နှင့်တူနေကြောင်း ဝေဖန်လိုက်သည်။ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကြောင့် EU တွင် ရေနံဈေး ၆၀ ရာခိုင်နှုန်းနှင့် ဂတ်စ်ဈေး ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဖီကိုသည် ယူကရိန်းပိုင်နက်ကို ဖြတ်သန်းသွားသော Druzhba ပိုက်လိုင်းမှတစ်ဆင့် ရုရှားရေနံများ ပြန်လည်စီးဆင်းနိုင်ရေးအတွက် အဓိပ္ပာယ်မဲ့သော ပိတ်ဆို့မှုများကိုဖယ်ရှားရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ယူကရိန်းဘက်က အဆိုပါပိုက်လိုင်းသည် ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးနေကြောင်း ပြောကြားထားပြီး အကယ်၍ EU အနေဖြင့် ကိယက်ဗ် သို့ ပေးမည့် ဒေါ်လာ ၁၀၄ ဘီလီယံ ချေးငွေအပေါ် ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့၏ ကန့်ကွက်မှုကို တားဆီးပေးနိုင်မှသာ ပိုက်လိုင်းကို ပြုပြင်ပေးမည်ဟု တုံ့ပြန်ထားသည်။

တစ်ဖက်တွင်လည်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ရုရှား စွမ်းအင်ပိတ်ဆို့မှုကို မရုပ်သိမ်းပါက EU သည် သမိုင်းတွင် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။ သို့သော် EU စွမ်းအင်ကော်မရှင်နာ ဒန် ဂျော်ဂန်ဆန်ကမူ အဖွဲ့ဝင်နိုင်ငံများတွင် လောင်စာဆီ ခွဲတမ်းစနစ် ကျင့်သုံးရမည့်အခြေအနေထိရောက်နိုင်ကြောင်း ဝန်ခံထားသော်လည်း ရုရှားအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များ ကို လျှော့ပေါ့ပေးရန် အစီအစဉ်မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂