ပြင်သစ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ မွမ်ဘိုင်းမြို့၌ တွေ့ဆုံဆွေးနွေး

News Image

  • ပြင်သစ်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ မွမ်ဘိုင်းမြို့၌ တွေ့ဆုံဆွေးနွေး

မွမ်ဘိုင်း ဖေဖော်ဝါရီ ၁၈

ပြင်သစ်သမ္မတ မက်ခရွန်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မွမ်ဘိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြင်သစ် သမ္မတ မက်ခရွန်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် နှစ်နိုင်ငံစီးပွားရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့် မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနှင့် ပြင်သစ် တစ်ကမ္ဘာလုံး အတိုင်းအတာအရ မရေမရာမှုများကြီးစိုးနေချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အင်အားတစ်ရပ်ဖြစ်ကြောင်း ပြင်သစ်သမ္မတနှင့် ဆွေးနွေးပြီးနောက် ကျင်းပခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

ထို့ပြင် အိန္ဒိယနှင့် ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးကို နယ်စည်းမဲ့ နှစ်နိုင်ငံဆက်ဆံရေးအဖြစ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ဂုဏ်ပြုရည်ညွှန်းပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးကြိုးပမ်းမှုများတွင် ပြင်သစ်နှင့်အတူ ပူးပေါင်းပါဝင်ရန် ပြင်သစ်သမ္မတ မက်ခရွန်က အိန္ဒိယဝန်ကြီးချုပ်ကို တိုက်တွန်း ခဲ့သည်။

ထို့ပြင် သမ္မတမက်ခရွန်သည် ယခုနှစ် ဇွန်လအတွင်း ပြင်သစ်နိုင်ငံ အက်ဗီယန်မြို့၌ ကျင်းပမည့် ဂျီ-၇ အုပ်စု ထိပ်သီးညီလာခံတက်ရောက်ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်ကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ရတနာပုံ