နိုင်ငံတော်အခြေပြမိန့်ခွန်းမှတ်တမ်းများတွင် ဒေါ်နယ်ထရမ့် အရှည်ဆုံး စံချိန်သစ်တင်ပြီး ရစ်ချက်နစ်ဆင်က အတိုဆုံးအဖြစ် ဆက်လက်တည်ရှိ
၁၁၉ ကြိမ်မြောက် လွှတ်တော်ညီလာခံတွင် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) က ပြောကြားခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၂၆ ခုနှစ်၊ နိုင်ငံတော် အခြေပြမိန့်ခွန်းသည် သမိုင်းတစ်လျှောက် အရှည်ကြာဆုံး မိန့်ခွန်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါမိန့်ခွန်းမှာ ၁ နာရီနှင့် ၄၇ မိနစ် ကြာမြင့်ခဲ့ပြီး ၁၉၆၄ ခုနှစ် နောက်ပိုင်း မှတ်တမ်းတင်ထားသမျှသော နှစ်ပတ်လည် လွှတ်တော်မိန့်ခွန်းများအနက် အရှည်ဆုံးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်နှစ်က ၎င်းကိုယ်တိုင် တင်ရှိထားသော စံချိန်ဟောင်းကို ယခုနှစ်တွင် ထပ်မံကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ယခုမိန့်ခွန်းသည် ယခင်က အရှည်ဆုံးအဖြစ် စံချိန်တင်ထားသည့် သမ္မတ ဘီလ်ကလင်တန်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ကြာမြင့်ချိန်ထက်လည်း ပိုမိုသာလွန်သွားခဲ့ကြောင်း တွေ့ရှိရသည်။
University of California, Santa Barbara ရှိ "The American Presidency Project" ၏ မှတ်တမ်းများအရ ၂၀၀၀ ပြည့်နှစ်က ပြောကြားခဲ့သော သမ္မတ ဘီလ်ကလင်တန်၏ ၁ နာရီခွဲနီးပါး ကြာမြင့်သည့် မိန့်ခွန်းသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) ညက သမ္မတ ဒေါ်နယ်ထရမ့် စံချိန်မချိုးမီအထိ အရှည်ဆုံးအဖြစ် တည်ရှိခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း သမ္မတဟောင်း ရစ်ချက် နစ်ဆင် (Richard Nixon) သည် ၁၉၇၂ ခုနှစ်တွင် မိန့်ခွန်းပြောကြားချိန် မိနစ် ၃၀ အောက်သာ ကြာမြင့်ခဲ့သဖြင့် အတိုဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်း စံချိန်ကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။
ကိုးကား- CNN
Photo: BBC
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
