သမိုင်းတစ်လျှောက် အရှည်ကြာဆုံးအဖြစ် စံချိန်တင်ခဲ့သည့် သမ္မတ ထရမ့်၏ ၂၀၂၆ ခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်း အနှစ်ချုပ်
သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးအဖြစ် စံချိန်တင်ခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ၁ နာရီနှင့် ၄၇ မိနစ် ကြာမြင့်သော ထိုမိန့်ခွန်းတွင် အချက်အလက်အမှား အများအပြား ပါဝင်ခဲ့သကဲ့သို့ အကြောင်းအရာ စုံလင်စွာကိုလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။
သမ္မတ ထရမ့်၏ အဓိက ပြောကြားချက်များကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖတ်ရှုနိုင်ပါသည်-
စီးပွားရေး (Economy)
သမ္မတ ထရမ့်သည် ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်းကို စတင်ရာတွင် အမေရိကန်ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော လူနေမှုစရိတ်ကြီးမြင့်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ရန်အတွက် အားတက်ဖွယ်ကောင်းသော စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများကို တင်ပြကာ စတင်ခဲ့သည်။
၎င်းက ဘိုင်ဒင်အစိုးရထံမှ "ရပ်တန့်နေသော စီးပွားရေး" (Stagnant Economy) ကို အမွေဆက်ခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင်မူ စီးပွားရေးမှာ “ယခင်ကနှင့်မတူဘဲ ဟုန်းဟုန်းတောက် တိုးတက်နေပြီ” (Roaring like never before) ဟု အခိုင်အမာ ပြောကြားခဲ့သည်။ "ရပ်တန့်နေခြင်း" သို့မဟုတ် "ဟုန်းဟုန်းတောက် တိုးတက်ခြင်း" ဆိုသည့် စကားလုံးများအတွက် တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်မရှိသော်လည်း၊ လက်တွေ့အချက်အလက်များကမူ ထိုသို့ပြောဆိုချက်ကို အပြည့်အဝ ထောက်ခံခြင်းမရှိပေ။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်၏ စီးပွားရေးသည် 2.2% သာ တိုးတက်ခဲ့ပြီး၊ ထိုနှုန်းထားမှာ ဘိုင်ဒင် သမ္မတသက်တမ်းအတွင်း မည်သည့်နှစ်နှင့်မဆို နှိုင်းယှဉ်ပါက ပိုမိုနိမ့်ကျနေသည်ကို တွေ့ရှိရသည်။
သွင်းကုန်ခွန်များ (Tariffs)
သမ္မတ ထရမ့်က ၎င်း၏ ကျယ်ပြန့်လှသော ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန်များမှ ရရှိလာမည့် အခွန်ဝင်ငွေသည် တစ်နေ့တွင် အမေရိကန်ပြည်သူများ ပေးဆောင်နေရသည့် ဝင်ငွေခွန်များကို အစားထိုးရန် လုံလောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
၎င်းသည် ထိုသို့ပြောဆိုမှုကို ယခင်ကလည်း ပြုလုပ်ခဲ့ဖူးသည်။ သို့သော် ဖက်ဒရယ်အစိုးရသည် တစ်နှစ်လျှင် ဝင်ငွေခွန်မှ အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့် ရရှိနေခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံသည် တစ်နှစ်လျှင် ကုန်စည်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၃ ထရီလီယံခန့်ရှိနေသဖြင့် ဝင်ငွေခွန်ကို အစားထိုးနိုင်ရန်အတွက် တင်သွင်းလာသောကုန်စည်အားလုံးအပေါ် အနည်းဆုံး သွင်းကုန်ခွန် ၁၀၀ % ကောက်ခံရမည်ဖြစ်ကြောင်း တွေ့ရှိရသည်။
သမ္မတသည် သွင်းကုန်ခွန်များကို "နိုင်ငံခြားတိုင်းပြည်များက ပေးဆောင်ရခြင်းဖြစ်သည်" ဟူသော ၎င်း၏ ပုံမှန်အချက်အလက်မှားယွင်းသည့် ပြောဆိုချက်ကို ထပ်မံပြောကြားခဲ့ပြီး ၎င်း၏ သွင်းကုန်ခွန်မူဝါဒအချို့ကို ပယ်ချခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်က တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုလည်း "ကံမကောင်းသော စိတ်ပျက်စရာ" ဆုံးဖြတ်ချက်အဖြစ် အကြိမ်ကြိမ် ထည့်သွင်းပြောဆိုသွားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး (Immigration)
သမ္မတ ထရမ့်သည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများကြောင့် တောင်ဘက်နယ်စပ်ကို ပိတ်ဆို့နိုင်ခဲ့ပြီး အထောက်အထားမဲ့ ဝင်ရောက်လာသူများကို လျင်မြန်စွာ ပြည်နှင်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမွှမ်းတင် ပြောကြားခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ၏ လက်ချက်ဖြင့် ဆန္ဒပြသူများဖြစ်ကြသည့် ရေနေးဂွတ်ဒ် (Renee Good) နှင့် အဲလက်စ်ပရက်တီ (Alex Pretti) တို့ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။
မိန့်ခွန်းပြောကြားနေစဉ် တစ်နေရာတွင် "အမေရိကန်အစိုးရ၏ ပထမဆုံးတာဝန်က တရားမဝင် ဝင်ရောက်လာသူတွေကို ကာကွယ်ရန်မဟုတ်ဘဲ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ရန်သာ ဖြစ်ပါသည်" ဆိုသည့် ပြောကြားချက်ကို သဘောတူပါက မတ်တပ်ရပ်၍ ထောက်ခံအားပေးရန် လွှတ်တော်အမတ်များကို တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် ဒီမိုကရက်တစ်ပါတီဝင် အမတ်များမှာမူ နေရာမှ ထကြွခြင်းမရှိဘဲ ဆက်လက်ထိုင်နေခဲ့ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှု (Healthcare)
သမ္မတ ထရမ့်သည် မယ်ဒီကိတ် (Medicaid) အစီအစဉ်ကို အစဉ်တစိုက် အကာအကွယ်ပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ သို့သော် လက်တွေ့တွင်မူ ၎င်း၏ ပြီးခဲ့သည့်နှစ်က ကျယ်ပြန့်သော ပြည်တွင်းမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များသည် ဝင်ငွေနည်းပါးသည့် အမေရိကန်ပြည်သူများအတွက် အဓိကကျသော လူမှုဖူလုံရေးကွန်ရက်ဖြစ်သည့် အဆိုပါ အစီအစဉ်အပေါ် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဘတ်ဂျက်ဖြတ်တောက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ဘတ်ဂျက်ရုံး (Congressional Budget Office) ၏ အဆိုအရ ပြီးခဲ့သည့် နွေရာသီက သမ္မတ ထရမ့် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် "One Big Beautiful Bill Act" ဥပဒေသည် ဆယ်နှစ်တာကာလအတွင်း မယ်ဒီကိတ်အတွက် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေထဲမှ ဒေါ်လာ ၉၀၀ ဘီလီယံကျော်ကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
အီရန် (Iran)
သမ္မတ ထရမ့်သည် ၎င်း၏မိန့်ခွန်းတွင် နိုင်ငံခြားရေးရာကိစ္စရပ်များကို အနည်းငယ်သာ ထည့်သွင်းပြောကြားသွားခဲ့သည်။ သမ္မတ၏ ပြောကြားချက်အရ အမေရိကန်အနေဖြင့် အီရန်နိုင်ငံပတ်ဝန်းကျင်တွင် စစ်အင်အားများ စုရုံးထားရခြင်းမှာ တီဟီရန် (Tehran) အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရရှိစေရန် သေချာစေလိုသောကြောင့်ဖြစ်သည်ဟု ဆိုသည်။
“၎င်းတို့က သဘောတူညီချက်တစ်ခု လုပ်ချင်နေကြတာပါ ၊ သို့သော်လည်း ‘မိမိတို့ နျူကလီးယားလက်နက် မည်သည့်အခါမျှ ပိုင်ဆိုင်မည်မဟုတ်ပါ’ ဆိုသည့် အဆိုပါ လျှို့ဝှက်စကားလုံးများကိုတော့ ကျွန်တော်တို့ အခုထိ မကြားရသေးပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံဘက်ကမူ ၎င်းတို့အနေဖြင့် နျူကလီးယားဗုံး ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကပင် အီရန်နိုင်ငံခြားရေးဝန်ကြီးက တီဟီရန်သည် အဆိုပါကိစ္စကို လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း X လူမှုကွန်ရက်တွင် အတိအလင်း ရေးသား ဖော်ပြခဲ့သည်။ “မိမိတို့၏ အခြေခံယုံကြည်ချက်ကတော့ ရှင်းလင်းပြတ်သားပါသည် ၊ အီရန်သည် မည်သည့် အခြေအနေမျိုးမှာမဆို နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ထုတ်လုပ်မှာ မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားရေးမူဝါဒ (Foreign Policy)
အရှေ့အလယ်ပိုင်းဒေသ၏ အခြားသောကိစ္စရပ်များသို့လှည့်၍ ပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဟားမက်အဖွဲ့၏ အစ္စရေးအပေါ် တိုက်ခိုက်မှုအတွင်း ဂါဇာဒေသ၌ ဖမ်းဆီးခံထားရသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်လာစေရန် ၎င်း၏အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို သမ္မတ ထရမ့်က ချီးကျူးပြောဆိုခဲ့ပြီး "ယင်းက ဖြစ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပါ" ဟု ဆိုသည်။
ထို့ပြင် သမ္မတသည် ၎င်းရာထူးလက်ခံရယူပြီးကတည်းက စစ်ပွဲပေါင်း ရှစ်ခုကို အဆုံးသတ်နိုင်ခဲ့သည်ဟူသော ၎င်း၏ ပုံမှန်ချဲ့ကားပြောဆိုချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ယူကရိန်းတွင် ဖြစ်ပွားနေသော ရုရှား၏ စစ်ပွဲသို့လှည့်၍ ပြောကြားရာတွင် အဆိုပါစစ်ပွဲ အဆုံးသတ်နိုင်ရန် အမေရိကန်အနေဖြင့် "အလွန်အမင်း ကြိုးပမ်းဆောင်ရွက်နေသည်" ဟု ဆိုသည်။ ၂၀၂၂ခုနှစ်တွင် ၎င်းသာ သမ္မတဖြစ်နေခဲ့ပါက ထိုပဋိပက္ခသည် "မည်သည့်အခါမျှ ဖြစ်ပွားလာလိမ့်မည် မဟုတ်" ဟု ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
