ဒေါ်နယ်ထရမ့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) ပြောကြားပွဲတွင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Enrique Márquez အထူးဧည့်သည်တော်အဖြစ် တက်ရောက်
သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားစဉ်အတွင်း လွတ်မြောက်လာသည့် ဗင်နီဇွဲလားနိုင်ငံရေးအကျဉ်းသားတစ်ဦးကို အောက်လွှတ်တော်ခန်းမအတွင်းသို့ အံ့အားသင့်ဖွယ် ခေါ်ဆောင်လာပြီး အထူးဧည့်သည်တော်အဖြစ် မိတ်ဆက်ပေးခဲ့သည်။
ထရမ့်က ၎င်း၏ဧည့်သည်တော်များထဲမှတစ်ဦးဖြစ်သူ အလက်ဇန်းဒါး ဂွန်ဇာလက်ဇ် (Alejandra Gonzalez) သည် ရင်းနှီးချစ်ခင်သော ဗင်နီဇွဲလား မိသားစုမှ လာသူဖြစ်ကြောင်းနှင့် သူမ၏ ဦးလေးဖြစ်သူ ဗင်နီဇွဲလား အတိုက်အခံနိုင်ငံရေးသမား အင်းနရီကေး မားကွက်ဇ် (Enrique Márquez) နှင့် ထူးခြားသည့် သံယောဇဉ်ရှိကြောင်း ဖော်ပြပြောဆိုခဲ့သည်။
"အင်းနရီကေးသည် ရွေးကောက်ပွဲဝင်ပြီး မာဒူရိုကို ဆန့်ကျင်ခဲ့သည့်အတွက် မာဒူရို၏ လုံခြုံရေးတပ်ဖွဲ့တွေက ၎င်းကို ပြန်ပေးဆွဲသွားခဲ့ပြီး ကရာကတ်စ်မြို့က နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဉ်းထောင်ထဲကို ထည့်ခဲ့ပါသည်" ဟု သမ္မတက ပြောကြားခဲ့သည်။
ဂွန်ဇာလက်ဇ်သည် သူမ၏ဦးလေးကို နောက်တစ်ကြိမ် ပြန်တွေ့ရတော့မည်မဟုတ်ဟု စိုးရိမ်ခဲ့ရပြီး သူမ၏ယခင်ဘဝဟောင်းသည်လည်း ထာဝရပျောက်ကွယ်သွားပြီဟု ပူပန်ခဲ့ရကြောင်း သမ္မတက ဆိုသည်။ ထို့ပြင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများအရ အမေရိကန် အရာရှိများသည် ဗင်နီဇွဲလားနိုင်ငံ၏ ခေါင်းဆောင်သစ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ထိုခေါင်းဆောင်သစ်များက အဆိုပါအကျဉ်းထောင်ကို ပိတ်ရန်နှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးရန် အမိန့်ပေးခဲ့ကြောင်း၊ နောက်ထပ် လွတ်မြောက်လာမည့်သူများလည်း ရှိသေးကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“အလက်ဇန်းဒါး၊ မင်းရဲ့ဦးလေးဟာ အခုလွတ်မြောက်လာပြီ ဆိုရုံတင်မကဘူး၊ သူ ဒီည ဒီခန်းမထဲကို ရောက်နေပြီဆိုတာကို ငါ ဝမ်းမြောက်ဝမ်းသာ အသိပေးချင်ပါသည်” ဟု ထရမ့်က ကြေညာခဲ့သည်။ ထို့နောက် အင်းနရီကေးသည် လွှတ်တော်ခန်းမအတွင်းသို့ လမ်းလျှောက်ဝင်လာပြီး ၎င်း၏တူမဖြစ်သူကို ဖက်လဲတကင်း နှုတ်ဆက်ခဲ့ရာ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြသည်။
“ရစ်ကီ၊ ပျော်ပျော်ရွှင်ရွှင်နေပါ ၊ မင်းပြန်ရောက်လာတာ ဝမ်းသာပါသည် အင်းနရီကေး” ဟု ထရမ့်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ဗင်နီဇွဲလားနိုင်ငံတွင် ကြီးမားသော နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နေသည့် အခြေအနေတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမေရိကန်၏ ဖိအားပေးမှုများကြောင့် ဗင်နီဇွဲလားတွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီးနောက် အကျဉ်းသား ရာပေါင်းများစွာ လွတ်မြောက်လာခဲ့သည်။ သမ္မတထရမ့်သည် မိန့်ခွန်း၏ အစောပိုင်းပိုင်းတွင် နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့သည့် အမေရိကန်၏ စစ်ဆင်ရေးအပြီး၌ ဗင်နီဇွဲလားနိုင်ငံကို မိတ်ဆွေသစ်နှင့် မိတ်ဖက်နိုင်ငံအဖြစ် တင်စားခေါ်ဝေါ်ခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
