‘ခင်ဗျား အမေရိကန်နိုင်ငံသားတွေကို သတ်ခဲ့တာပဲ’ ဟု လွှတ်တော်အမတ် အိုမာက ထရမ့်ကို အော်ဟစ်ပြောဆို

News Image

  • ‘ခင်ဗျား အမေရိကန်နိုင်ငံသားတွေကို သတ်ခဲ့တာပဲ’ ဟု လွှတ်တော်အမတ် အိုမာက ထရမ့်ကို အော်ဟစ်ပြောဆို

မင်နီဆိုးတားပြည်နယ် လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) က "ခင်ဗျား အမေရိကန်နိုင်ငံသားတွေကို သတ်ခဲ့တာပဲ" ဟု အော်ဟစ် ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့်က ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန (DHS) ကို ရန်ပုံငွေမချပေးမီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်တောင်းဆိုနေသည့် ဒီမိုကရက်များကို ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်ဖြစ်သည်။

အိုမာက ထိုသို့ပြောဆိုရာတွင် မင်နီဆိုးတားပြည်နယ်အတွင်း ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေး အဖမ်းအဆီးများကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်သူ ရနေးဂွတ်ဒ် (Renee Good) နှင့် အလက်ဇ် ပရက်တီ (Alex Pretti) တို့ သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ထရမ့်သည် ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) တွင် ဒီမိုကရက်များသည် "ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေအားလုံးကို ဖြတ်တောက်နေသည်" ဟု စွပ်စွဲခဲ့ပြီး လွှတ်တော်အတွင်းရှိအမတ်များကို အခြေခံမူဝါဒတစ်ခုကို ထပ်လောင်း အတည်ပြုရန် ဖိတ်ခေါ်ခဲ့သည်။

"အကယ်၍ ခင်ဗျားတို့ ထိုပြောကြားချက်ကို သဘောတူသည်ဆိုပါက မတ်တပ်ရပ်ပြီး ထောက်ခံကြောင်း ပြသကြပါ ၊ အမေရိကန်အစိုးရ၏ ပထမဆုံးတာဝန်က တရားမဝင် ဝင်ရောက်လာသူများအတွက်မဟုတ်ဘဲ အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ရန်သာ ဖြစ်ပါသည်" ဟု ထရမ့်က ပြောကြားခဲ့ရာ ရီပတ်ဘလီကန်များထံမှ လက်ခုပ်သံများနှင့် အားပေးသံများ ထွက်ပေါ်လာခဲ့သည်။

ဒီမိုကရက်များက နေရာတွင်ပင်ဆက်လက်ထိုင်နေကြသည့်အခါ ထရမ့် က "မတ်တပ်မရပ်သည့်အတွက် ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ရှက်သင့်ပါသည်" ဟု ပြောကြားခဲ့သည်။ ထိုအချိန်တွင် အိုမာက "ခင်ဗျား အမေရိကန် နိုင်ငံသားတွေကို သတ်ခဲ့တာပဲ" ဟု ထပ်တလဲလဲ အော်ဟစ်ကာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် (Border Czar) တွမ် ဟိုးမန်း (Tom Homan) က မင်နီဆိုးတား ပြည်နယ်ကို တုန်လှုပ်ချောက်ချားစေခဲ့သော လပေါင်းများစွာကြာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူမှုများ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ အရေးယူဆောင်ရွက်မှုများအတွင်း အမေရိကန် နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ရပြီး လူထု၏ ကျယ်ကျယ်ပြန့်ပြန့် မကျေမနပ်ဖြစ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုစစ်ဆင်ရေး အမြင့်ဆုံးအချိန်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိပေါင်း ၃,၀၀၀ ခန့်အထိ ထိုဒေသအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂