နိုင်ငံရေးတင်းမာမှုများကြောင့် ဂျပန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု ထိုးဆင်းသွားပြီး (၄) နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ လျော့ကျ

News Image

  • နိုင်ငံရေးတင်းမာမှုများကြောင့် ဂျပန်သို့ တရုတ်ခရီးသွားဝင်ရောက်မှု ထိုးဆင်းသွားပြီး (၄) နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ လျော့ကျ

ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုသည် ယခုနှစ် ဇန်နဝါရီလအတွင်း ယခင်နှစ်ကာလတူထက် ၄.၉ ရာခိုင်နှုန်းလျော့ကျသွားပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း (၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းမှုကို ကြုံတွေ့ခဲ့ရသည်။ ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ (JNTO) ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်လက ဝင်ရောက်သူစုစုပေါင်း ၃.၆ သန်း ရှိခဲ့သည်။ ထိုကဲ့သို့ ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ အာရှ အင်အားကြီးနှစ်နိုင်ငံကြား နိုင်ငံရေးတင်းမာမှုများကြောင့် တရုတ် ခရီးသွား ဝင်ရောက်မှု ၆၁ ရာခိုင်နှုန်း (၃၈၅,၃၀၀ ဦး) အထိ သိသိသာသာ ထိုးဆင်းသွားခြင်းကြောင့် ဖြစ်သည်။

အဆိုပါ တင်းမာမှုမှာ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ၏ မှတ်ချက်စကားများအပေါ် တရုတ်အစိုးရက မကျေနပ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်က ထိုင်ဝမ်အပေါ် တရုတ်၏တိုက်ခိုက်မှုသည် ဂျပန်အတွက် ‘တည်ရှိမှုကို ခြိမ်းခြောက်သည့် အခြေအနေ’ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက်၊ ပေကျင်း အစိုးရက ၎င်း၏နိုင်ငံသားများကို ဂျပန်သို့မသွားရောက်ရန် တိုက်တွန်း ခဲ့သည်။ ထို့အပြင် ယခင်နှစ်က ဇန်နဝါရီလတွင်ကျရောက်ခဲ့သော တရုတ် နှစ်သစ်ကူးအားလပ်ရက်သည် ယခုနှစ်တွင် ဖေဖော်ဝါရီလလယ်သို့ ပြောင်းလဲသွားခြင်းကလည်း ခရီးသွားဦးရေလျော့ကျရခြင်း၏ အကြောင်းရင်း တစ်ခု ဖြစ်ခဲ့သည်။

သို့သော်လည်း အခြားတစ်ဖက်တွင်မူ တောင်ကိုရီးယားနိုင်ငံမှ ခရီးသွား ဝင်ရောက်မှုမှာ ၂၂ ရာခိုင်နှုန်း တိုးတက်လာပြီး ၁.၁၈ သန်းအထိ ရှိခဲ့ရာ ၎င်းသည် တစ်လအတွင်း နိုင်ငံတစ်ခုတည်းမှ ခရီးသွား ၁.၁ သန်း ကျော် လွန်သည့် ပထမဆုံးသောစံချိန်သစ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အတူ ထိုင်ဝမ်၊ အမေရိကန်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့မှ ခရီးသွားများလည်း ဆက်လက်တိုးတက်လျက်ရှိရာ တရုတ်ခရီးသွား လျော့နည်းမှုကြောင့်ဖြစ်ပေါ်လာသည့် လစ်ဟာမှုကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

စီးပွားရေးပညာရှင်များကမူ တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်ရန် အချိန်ယူရဦးမည်ဖြစ်ပြီး၊ အဆိုပါ အခြေအနေ ရှည်ကြာသွားပါက ၂၀၂၅ ခုနှစ် ခရီးသွားများ၏သုံးစွဲမှု ၂၁.၂ ရာခိုင်နှုန်း ကို ပံ့ပိုးပေးထားသည့် တရုတ်ခရီးသွားများမရှိခြင်းကြောင့် ဂျပန်စီးပွားရေးအပေါ် ထိခိုက်မှု ကြီးမားနိုင်ကြောင်း သတိပေးထားသည်။ သို့သော် လတ်တလောတွင် အာဆာကူဆာကဲ့သို့သော ကမ္ဘာလှည့်ခရီးသွားနယ်မြေများရှိ လုပ်ငန်းရှင်များမှာမူ အခြားနိုင်ငံစုံမှ ဧည့်သည်များကြောင့် လုပ်ငန်းလည်ပတ်မှု ပုံမှန်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post 

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး - ၂