ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာ တောင်သူဦးမြင့်မိုး စိုက်ပျိုးထားသော ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
ကျောက်ဆည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာတွင် ဆောင်းကုလားပဲ ၁၅၅ ဧက စိုက်ပျိုးထားကြောင်း သိရှိရပြီး တောင်သူဦးမြင့်မိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရှိရသည်။
ညောင်ဝန်းကျေးရွာ၌ ဆောင်းကုလားပဲများအပြင် ကြက်သွန်နီ ၃၀ ဧက၊ ပဲကြီး ၇ ဧက၊ အခြားပဲ ၁၉၅ ဧက၊ ဖူးစားပြောင်း ၁၀ ဧက၊ နေကြာ၂၀၃ ဧက၊ ဟင်းသီးဟင်းရွက် ၃၅ ဧက၊ ကျွဲနွားစာ ၂၅ ဧက စိုက်ပျိုးထားကြောင်း သိရှိရပြီး ဆောင်းကုလားပဲများကို အပင်ပေါက်သေချာစေရန်အတွက် မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ မြေပြုပြင် စိုက်ကြောင်းနှင့် လိုအပ်အချိန်၌သည့် အပွင့်အသီးတင်ဆေးများ၊ ပိုးပွားကာကွယ်နှိမ်နင်းဆေးများ အသုံး၍ စိုက်ပျိုး ထားကြောင်းလည်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲ ၃၈၁၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ကုလားပဲစိုက်တောင်သူများအနေ၌ ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲအနီမျိုးများနှင့်ရေဆင်း(၃)၊ ရေဆင်း (၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲ အဖြူမျိုးများ အဓိကစိုက်ပျိုးကြပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှ ဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
