အရှေ့အလယ်ပိုင်းအကျပ်အတည်းကြောင့် စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုနှင့် ကြုံတွေ့နေရသဖြင့် တောင်ကိုရီးယားသမ္မတက ဒေါ်လာ ၁၇.၃ ဘီလီယံ အထူးဘတ်ဂျက် အတည်ပြုရန် တိုက်တွန်း
မိုင်ပေါင်းထောင်ချီဝေးကွာသော အရပ်ဒေသတွင် ဖြစ်ပွားနေသည့်အကျပ်အတည်းကြောင့် နိုင်ငံအတွင်း ရိုက်ခတ်မှုများရှိနေစဉ် အဆိုးရွားဆုံးသော စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုကို ခုခံကာကွယ်ရန်အတွက် ဒေါ်လာ ၁၇.၃ ဘီလီယံတန်ဖိုးရှိသည့် ဖြည့်စွက်ဘတ်ဂျက်ကို အတည်ပြုပေးရန် တောင်ကိုရီးယားသမ္မတက လွှတ်တော်ကို တိုက်တွန်းလိုက်သည်။
တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ရေနံတင်သွင်းမှု ၇၀ ရာခိုင်နှုန်းကို မှီခိုနေရသော အရှေ့အလယ်ပိုင်းဒေသရှိ စွမ်းအင်ပြတ်တောက်မှုဒဏ်ကို အထူးပြင်းထန်စွာ ခံစားနေရသည်။ “စစ်ပွဲဟာ မနက်ဖြန်မှာ ပြီးဆုံးသွားခဲ့ရင်တောင်မှ အရှေ့အလယ်ပိုင်းဒေသမှာ ပျက်စီးသွားတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ထောက်ပံ့မှုတွေ အရင်လိုချောမွေ့အောင်လုပ်ဖို့ အချိန်အတော်အတန် ယူရဦးမှာဖြစ်ပါတယ်” ဟု သမ္မတ လီဂျေမျောင် (Lee Jae Myung) က ကြာသပတေးနေ့ (ဧပြီ ၂) ရုပ်သံမိန့်ခွန်းတွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။
“ဒီအခြေအနေဟာ အဆိုးရွားဆုံး စွမ်းအင်လုံခြုံရေးခြိမ်းခြောက်မှုလို့ ယူဆရပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေနေပါတယ်၊ ဘယ်တော့ ပြီးဆုံးမလဲဆိုတာမသိရတဲ့ မရေရာမှုတွေက စီးပွားရေးအပေါ် သိသိသာသာ ဆိုးကျိုးသက်ရောက်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယား အစိုးရသည် လောင်စာဆီစျေးနှုန်းများကို ကန့်သတ်ထားပြီး ပလတ်စတစ် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သော နက်ဖ်သာ (Naphtha) တင်ပို့မှုကိုလည်းတားမြစ်ထားကာ မော်တော်ယာဉ် မောင်းနှင်မှု ကန့်သတ်ချက်များ (Driving Curbs) ထုတ်ပြန်ရန်ကိုလည်း စဉ်းစားလျက်ရှိသည်။
အဆိုပါ ဒေါ်လာ ၁၇.၃ ဘီလီယံ ဘတ်ဂျက်အတွက် လိုအပ်သော ရန်ပုံငွေကို နိုင်ငံ၏ အားကောင်းသော စတော့ဈေးကွက်၊ ဆီမီး ကွန်ဒတ်တာ (Semiconductor) လုပ်ငန်းနှင့် အစိုးရရန်ပုံငွေများမှ ကျခံသုံးစွဲသွားမည် ဟု သမ္မတလီက ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
