လက်ဘနွန်နိုင်ငံရှိ အရေးပေါ်မဟုတ်သော ဝန်ထမ်းများနှင့် မိသားစုဝင်များ ထွက်ခွာကြရန် အမေရိကန် နိုင်ငံခြားရေးဌာန ညွှန်ကြား
ဒေသတွင်းတင်းမာမှုများ ဆက်လက်မြင့်တက်နေခြင်းကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရေးပေါ်တာဝန်ထမ်းဆောင်နေသူများ မဟုတ်သော အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လက်ဘနွန်နိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦး၏ အဆိုအရ နောက်ဆုံး အခြေအနေများကို သုံးသပ်ပြီးနောက် "ဝန်ထမ်းအင်အားကို မရှိမဖြစ် လိုအပ်သော ဝန်ထမ်းများအထိသာ လျှော့ချထားရန်မှာ ပညာရှိရာ ရောက်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း" နှင့် ဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအခြေအနေကို အမြဲမပြတ်ဆန်းစစ်နေကြောင်း ပြောကြား ခဲ့သည်။
ဘေရွတ်မြို့ရှိ အမေရိကန်သံရုံးသည် "အဓိကဝန်ထမ်းများဖြင့် ဆက်လက် လည်ပတ်နေဆဲဖြစ်သည်" ဟု အဆိုပါအရာရှိက CNN သို့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် ပြောကြားခဲ့သည်။ "ယင်းက မိမိတို့၏ ဝန်ထမ်းတွေ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်အတွက် ယာယီ လုပ်ဆောင်သည့် အစီအစဉ်တစ်ခုဖြစ်ပါသည် ၊ တစ်ဖက်မှာလည်း အမေရိကန် နိုင်ငံသားတွေကို ကူညီပေးနိုင်သည့် စွမ်းဆောင်ရည်နှင့် လုပ်ငန်းလည်ပတ်မှုတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
