ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို ‘ယူကရိန်းဘက်မှ ဆက်ပြီးရပ်တည်ပေးရန်’ တိုက်တွန်းပြောကြား
ရုရှား-ယူကရိန်းကို ပဋိပက္ခ (၄) နှစ်ပြည့်မြောက်ရန် နီးကပ်လာချိန်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ယူကရိန်းဘက်မှ ဆက်လက်ရပ်တည်ပေးရန် CNN နှင့် အင်တာဗျူး တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကိယက်ဗ်မြို့ရှိ သမ္မတနန်းတော် ၌ ပြုလုပ်သော အဆိုပါတွေ့ဆုံမေးမြန်းမှုတွင် ဇီလန်စကီးက အမေရိကန် သည် ကမ္ဘာ့အခန်းကဏ္ဍတွင် အလွန်အရေးပါသောနိုင်ငံဖြစ်သဖြင့် အဆိုပါ စစ်ပွဲမှ ကျောခိုင်းမသွားသင့်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၄ တွင် ပြုလုပ်မည့် နိုင်ငံတော်အခြေပြမိန့်ခွန်း၌လည်း ထရမ့်အနေဖြင့် ယူကရိန်းအပေါ် ထောက်ခံမှုပြသရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဇီလန်စကီးက ဗလာဒီမာ ပူတင်အား စစ်ပွဲ၏ပြယုဂ်တစ်ခုအဖြစ် တင်စား ခဲ့ပြီး၊ ပူတင်သည် မိမိကိုယ်ကျိုးအတွက်သာကြည့်သူဖြစ်ကာ ရုရှားနိုင်ငံသား အားလုံးကို အကျဉ်းထောင်ထဲသို့ ပို့ထားသကဲ့သို့ ချုပ်ကိုင်ထားကြောင်း ဝေဖန်ခဲ့သည်။ ထို့အပြင် ပူတင်ကို တားဆီးရန်အတွက် အမေရိကန်၏ အင်အားသည် အလွန်အရေးကြီးကြောင်းနှင့် လက်ရှိတွင် ထရမ့် အနေဖြင့် ပူတင်အပေါ် လုံလောက်သော ဖိအားပေးမှုများ ပြုလုပ်ခြင်းမရှိသေးဟု ၎င်းက ယူဆသည်။
စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်လိုသော်လည်း ပူတင်၏ တောင်းဆိုချက် များကို လိုက်လျောရန် ငြင်းဆန်ခဲ့ပြီး၊ အကယ်၍ လိုက်လျောပါက ယူကရိန်းနိုင်ငံသားများအနေဖြင့် အရာရာကို ဆုံးရှုံးသွားရမည် ဖြစ်သောကြောင့် မိမိတို့၏အချုပ်အခြာအာဏာအတွက် ဆက်လက် တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
