Epstein နှင့် ဆက်နွှယ်မှုဖြင့် တရားစွဲခံထားရသည့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း သတ်သေရန် ကြိုးပမ်းမှုကြောင့် ဆေးရုံတင်ထားရ
နော်ဝေနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း သော့ဘဂျွန် ဂျက်ဂလန်း (Thorbjørn Jagland) သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ပတ်သက်၍ အကြီးစား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ်သတ်သေရန် ကြိုးပမ်းခဲ့သဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း နော်ဝေ အခြေစိုက် iNyheter သတင်းဌာနက ဖော်ပြခဲ့သည်။ အသက် ၇၅ နှစ် အရွယ်ရှိ ဂျက်ဂလန်း၏ အခြေအနေမှာစိုးရိမ်ရသဖြင့် လုံခြုံရေးအရ လျှို့ဝှက်ထားသော ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေရသည်ဟု သိရှိရသည်။ ၎င်းသည် နော်ဝေနိုင်ငံ၏ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုဘယ်လ် ကော်မတီဥက္ကဋ္ဌကဲ့သို့သော အရေးပါသည့် ရာထူးများကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အမေရိကန်တရားရေးဌာနက ထုတ်ပြန်လိုက်သော Epstein ဖိုင်တွဲများ အရ ဂျက်ဂလန်းနှင့် မိသားစုဝင်များသည် ၂၀၁၁ နှင့် ၂၀၁၈ ခုနှစ်အတွင်း ပါရီ၊ နယူးယောက်နှင့် ဖလော်ရီဒါရှိ Epstein ၏ ဇိမ်ခံတိုက်ခန်းများတွင် တည်းခိုခဲ့ခြင်းနှင့် ဘဏ်ချေးငွေအတွက် အကူအညီတောင်းခံခဲ့ခြင်းတို့ကြောင့် အဂတိတိုက်ဖျက်ရေးအေဂျင်စီ၏ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ဂျက်ဂလန်းက အပြစ်မရှိကြောင်း ငြင်းဆိုထားသော်လည်း အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေသည်။
အဆိုပါအရှုပ်တော်ပုံသည် နော်ဝေနိုင်ငံရေးလောကသာမက တော်ဝင်မိသားစုအထိပါ ရိုက်ခတ်လျက်ရှိရာ တော်ဝင်မင်းသမီး မက်တီ-မာရစ် (Crown Princess Mette-Marit) သည်လည်း Epstein နှင့် နှစ်ရှည်လများ အဆက်အသွယ်ရှိခဲ့ကြောင်း ဖိုင်တွဲများတွင် ပါဝင်လာခဲ့သည်။ ယင်းဖြစ်ရပ်သည် သူမ၏သားဖြစ်သူ မာရီးယပ်စ် ဘော့ဂ် ဟွိုင်းဘီ (Marius Borg Hoiby) ၏ မုဒိမ်းမှု ရင်ဆိုင်နေရချိန်နှင့် တိုက်ဆိုင်နေသဖြင့် တော်ဝင်မိသားစုအပေါ် လူထု၏ စောင့်ကြည့်စစ်ဆေးမှုများ ပိုမိုပြင်းထန်လာစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဗြိတိန်နိုင်ငံ၌လည်း မင်းသားဟောင်း အင်ဒရူး (Andrew Mountbatten-Windsor) သည် ကုန်သွယ်ရေးသံတမန်အဖြစ် တာဝန်ထမ်းဆောင်စဉ် အစိုးရလျှို့ဝှက်ချက်များကို Epstein ထံ မျှဝေခဲ့သည်ဟူသော သံသယဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရသည်။ ၎င်းအပေါ်တွင်လည်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှုတွင် ပါဝင်ခဲ့သည်ဟူသောစွပ်စွဲချက်များ ထွက်ပေါ်နေပြီး လက်ရှိတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်နေသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
