ဇီလန်စကီးက ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ EU ချေးငွေတောင်းဆို

News Image

  • ဇီလန်စကီးက ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ EU ချေးငွေတောင်းဆို

ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာသုံး ပယ်ချထားသော်လည်း EU အဖွဲ့ဝင်နိုင်ငံများမှ အခွန်ထမ်းပြည်သူများကတာဝန်ယူရမည့် ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံ) ချေးငွေကိုအတည်ပြုပေးရန် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ယာယီသဘောတူညီချက်ရရှိခဲ့သော အဆိုပါ စီမံကိန်းသည် ၂၀၂၆-၂၀၂၇ ခုနှစ်များအတွက် ယူကရိန်းသို့ အတိုးမဲ့ ချေးငွေထောက်ပံ့ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုငွေများထဲမှ ယူရို ၆၀ ဘီလီယံ ကို စစ်ရေးလိုအပ်ချက်များအတွက် သတ်မှတ်ထားပြီး ၃၀ ဘီလီယံကိုမူ ‘အထွေထွေ အသုံးစရိတ်’ အတွက် လျာထားသည်။ အဆိုပါချေးငွေကို EU အဖွဲ့ဝင်နိုင်ငံများက စုပေါင်းချေးယူပေးရမည်ဖြစ်ပြီး ရုရှားထံမှ စစ် လျော်ကြေးရရှိမှသာ ပြန်လည်ပေးဆပ်မည်ဖြစ်သည်။

ဟန်ဂေရီ၊ စလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့ကမူ အဆိုပါချေးငွေ အစီအစဉ်တွင်ပါဝင်ရန် ငြင်းဆန်ထားကြသည်။ ၎င်းစီမံကိန်းကြောင့် အဖွဲ့ဝင်နိုင်ငံများအတွက် တစ်နှစ်လျှင် အတိုးနှုန်းပေးချေမှုမှာ ယူရို ၅.၆ ဘီလီယံအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းရသည်။

ဥရောပသမဂ္ဂအတွင်း ပိတ်ဆို့ထားသည့် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်မှုများကို အသုံးပြု၍ ယူကရိန်းအား ထောက်ပံ့ရန်ကြိုးပမ်းမှုမှာ ဥပဒေကြောင်းအရအခက်အခဲများနှင့် စွန့်စားရမှုများရှိသဖြင့် အဖွဲ့ဝင်နိုင်ငံအချို့က ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် အဆိုပါချေးငွေအစီအစဉ်ကို အစားထိုးအတည်ပြုခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) က ပြောကြားခဲ့သည့် ဥရောပပါလီမန် မိန့်ခွန်း တွင် ဇီလန်စကီးက "ယခုအချိန်မှာ ယူကရိန်းအတွက် နှစ်နှစ်စာ ယူရို ၉၀ ဘီလီယံထောက်ပံ့ပေးရန် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခု စားပွဲပေါ် မှာ ရှိနေပါသည်" ဟု ပြောကြားခဲ့သည်။ ယူကရိန်းခေါင်းဆောင်က"ယင်းက မိမိတို့၏ လုံခြုံရေးနှင့် ကြံ့ကြံ့ခံနိုင်ရည်အတွက် တကယ့် ဘဏ္ဍာရေးဆိုင်ရာ အာမခံချက်ဖြစ်သောကြောင့် ယင်းကို မဖြစ်မနေအကောင်အထည်ဖော်ရပါမည်" ဟု အခိုင်အမာ တိုက်တွန်း ပြောဆိုခဲ့သည်။

ယူကရိန်းအစိုးရအနေဖြင့် ယခုနှစ်အတွင်း ဖြစ်ပေါ်နေသော ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိသည့် ဘတ်ဂျက်လိုငွေကို အနောက်အုပ်စုထောက်ပံ့သူများက ကူညီဖြေရှင်းပေးရန် မျှော်လင့်ထားသည်။ ယူကရိန်း အစိုးရသည် လာမည့် ဧပြီလတွင် ငွေကြေးပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း El Pais သတင်းစာက အောက်တိုဘာလတွင် ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ ကမူ အကယ်၍ အဆိုပါချေးငွေကို အတည်ပြုလိုက်ပါက ခြစားနေသော ယူကရိန်းအရာရှိများကသာ ခိုးယူသွားကြလိမ့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂