ဇီလန်စကီးက EU သို့ ဝင်ရောက်ခွင့်ရမည့် အချိန်ကာလအတိအကျကို တောင်းဆို

News Image

  • ဇီလန်စကီးက EU သို့ ဝင်ရောက်ခွင့်ရမည့် အချိန်ကာလ အတိအကျကို တောင်းဆို

ဗလာဒီမာ ဇီလန်စကီးသည် ယူကရိန်းနိုင်ငံ EU သို့ဝင်ရောက်ခွင့်ရမည့် အချိန်ကာလ အတိအကျကိုသတ်မှတ်ပေးရန် တောင်းဆိုလိုက်ပြီး အဆိုပါ ရက်စွဲသည် ၂၀၂၇ ခုနှစ်ထက် နောက်မကျသင့်ကြောင်း အခိုင်အမာ ပြောကြားလိုက်သည်။ သို့သော် EU တာဝန်ရှိသူများကမူ ယူကရိန်း အနေဖြင့် သတ်မှတ်ချက်ပေါင်းများစွာကို ဦးစွာပြည့်မီအောင် ဆောင်ရွက်ရမည်ဟုဆိုကာ တိကျသောအချိန်ဇယားတစ်ခုပေးရန် ငြင်းဆိုထားသည်။

တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် ထုတ်ဝေခဲ့သော Financial Times နှင့် အင်တာဗျူးတွင် ဇီလန်စကီးက ယူကရိန်း၏အဖွဲ့ဝင်ဖြစ်ရေးကို အလျင်အမြန် ဆောင်ရွက်ပေးရန် တွန့်ဆုတ်နေသော EU ခေါင်းဆောင်များကို ဝေဖန် ခဲ့သည်။ "မိမိက ရက်စွဲတစ်ခု လိုချင်တာပါ ၊ ထိုရက်စွဲကိုပဲ တောင်းဆိုနေတာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။ "ရုရှားက ယူကရိန်း ၏ EU အဖွဲ့ဝင်ဖြစ်ခွင့်ကို နှစ်ပေါင်း ၅၀ ကြာအောင် ပိတ်ဆို့ထားနိုင်မည့် အခြေအနေမျိုးကို နောက်တက်လာမည့် ခေါင်းဆောင်တွေ သို့မဟုတ် နောက်မျိုးဆက်တွေဆီ လက်ဆင့်မကမ်းပါရစေနှင့်" ဟု ၎င်းက ဆိုသည်။

မော်စကိုအနေဖြင့် ယူကရိန်း EU အဖွဲ့ဝင်ဖြစ်ရေးကို မည်သည့်အခါမျှ ကန့်ကွက်ခဲ့ခြင်းမရှိသော်လည်း ၂၀၁၉ ခုနှစ်ကတည်းက အဖွဲ့ဝင်ဖြစ်ရေးကို မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် သတ်မှတ်ထားသော ယူကရိန်း အနေဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် ၎င်းတို့၏ ဥပဒေများကို EU စံနှုန်းများနှင့်ကိုက်ညီစေရန် ညှိနှိုင်းရေးအပါအဝင် စံသတ်မှတ်ချက်များစွာကို ဦးစွာဖြည့်ဆည်းရန် လိုအပ်သည်ဟု EU အဖွဲ့ဝင်နိုင်ငံများက ပြောကြားထားသည်။

ယူကရိန်း၏ အဓိကထောက်ခံသူတစ်ဦးဖြစ်သည့် ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်က ပြီးခဲ့သည့်လတွင် ၂၀၂၇ ခုနှစ် သတ်မှတ်ချက်ကို လုံးဝမဖြစ်နိုင်ကြောင်း ပယ်ချခဲ့သည်။ EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ်ကလည်း "ကျွန်မ၏ အမြင်အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိကျသည့်ရက်စွဲတစ်ခုပေးရန် အဆင်သင့်မဖြစ်သေးပါ" ဟု ပြောကြားခဲ့ပြီး "လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးသည်" ဟု ထပ်လောင်း ပြောဆိုခဲ့သည်။ EU ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကမူ ယူကရိန်းသည် အချို့သော တိုးတက်မှုများ ရှိနေပြီဖြစ်သဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ အဖွဲ့ဝင်ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် စံသတ်မှတ်ချက်အားလုံးပြည့်မီခဲ့လျှင်ပင် ၎င်း၏ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားမှုကို EU အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုပေးရန် လိုအပ်သည်။ သို့သော် ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံတို့က ယူကရိန်းအဖွဲ့ဝင်ဖြစ်လာခြင်းသည် EU အား ရုရှားနှင့် ထိပ်တိုက် ပဋိပက္ခအတွင်းသို့ ဆွဲသွင်းနိုင်သည်ဟုဆိုကာ ကန့်ကွက်ထားကြသည်။ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလည်း ယူကရိန်းအား ‘အောက်ခြေမရှိသော တွင်းနက်ကြီး’ ဟု ခိုင်းနှိုင်းကာ ၎င်းနိုင်ငံသည် EU ထံမှရရှိထားသည့် ငွေကြေးအကူအညီများကို မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂