ဂါဇာရှိ ဓားစာခံအားလုံး ပြန်လည်လွတ်မြောက်လာခြင်းအတွက် သမ္မတ ထရမ့် ဂုဏ်ယူဝင့်ကြွားစွာပြောဆို
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဟားမက်အဖွဲ့၏ အစ္စရေး အပေါ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ဂါဇာတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ဓားစာခံအားလုံး ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် ၎င်း၏ အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများကို သမ္မတ ဒေါ်နယ်ထရမ့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်။
“မိမိ ညှိနှိုင်းပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးအောက်မှာ အသက်ရှင်နေသူရော၊ သေဆုံးသွားသူပါ ဓားစာခံတစ်ဦးမကျန် အိမ်ပြန်ရောက်ခဲ့ကြပါပြီ ၊ ယင်းကို သင်တို့ ယုံနိုင်ကြရဲ့လား ၊ ထိုသို့ ဖြစ်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြဘူး” ဟု ထရမ့်က ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union address) တွင် ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လက နောက်ဆုံးကျန်ရှိနေသည့် သေဆုံးသူဓားစာခံ ရန်ဂဗီလီ (Ran Gvili) ၏ ရုပ်အလောင်းကို အစ္စရေးနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။
ထရမ့်၏ ပြောကြားချက်အပြီးတွင် အဲလစ်ဇဘက် ဝါရင်း (Elizabeth Warren) ၊ ဂျွန်အော့ဆော့ဖ် (John Ossoff) နှင့် ခရစ်ကွန်းစ် (Chris Coons) အစရှိသည့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များ အပါအဝင် ဒီမိုကရက်ပါတီဝင်များက မတ်တပ်ရပ်၍ လက်ခုပ်တီး ချီးကျူးခဲ့ကြသည်။
ထို့အပြင် မိန့်ခွန်းအတွင်း ထရမ့်က အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ၎င်း၏ သားမက်ဖြစ်သူ ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့ကို မတ်တပ်ရပ်စေရန်ခေါ်ယူခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ ဓားစာခံများအားလုံး လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုများတွင် အဓိကကျသူများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထရမ့် သည် အစ္စရေး-အမေရိကန် နွယ်ဖွား အီဒန် အလက်ဇန်းဒါး (Edan Alexander) အပါအဝင် ပြန်လည်လွတ်မြောက်လာသည့် ဓားစာခံအချို့ ကိုလည်း အိမ်ဖြူတော်သို့ ဖိတ်ကြား၍ တွေ့ဆုံခဲ့သည်။
ကိုးကား- CNN
Photo: The White House
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
