ပနားမားအစိုးရက တရုတ်လုပ်ငန်းစုပိုင်ဆိပ်ကမ်းများကို သိမ်းယူ၊ အမေရိကန်နှင့် တရုတ်ကြား အားပြိုင်မှု ပြင်းထန်လာ
ပနားမားသမ္မတ José Raul Mulino သည် မဟာဗျူဟာကျသော ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းနှစ်ခုကို ပနားမားရေကြောင်း အာဏာပိုင် အဖွဲ့ (PMA) ထံသို့ လွှဲပြောင်းရယူရန် အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်လိုက်သည်။ ဟောင်ကောင်ဘီလျံနာ Li Ka-shing တည်ထောင်ထားသည့် CK Hutchison Holdings Ltd ၏ ဆိပ်ကမ်းလုပ်ကိုင်ခွင့် (Concession) ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ အဓမ္မသိမ်းယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
သမ္မတက ယခုလုပ်ရပ်သည် ပိုင်ဆိုင်မှုကို အပြီးအပိုင် သိမ်းယူခြင်းမဟုတ်ဘဲ ဆိပ်ကမ်းလုပ်ငန်းများ မပြတ်တောက်စေရန် ယာယီစီမံခန့်ခွဲခြင်းသာဖြစ်ကြောင်း ၊ လက်ရှိ ဆိပ်ကမ်းရှိ စက်ပစ္စည်းများကို တန်ဖိုးဖြတ်ပြီးမှသာ နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့် ကြားဖြတ်ကာလအတွက် Maersk နှင့် MSC ကဲ့သို့သော ဥရောပရေကြောင်းကုမ္ပဏီကြီးများနှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း CK Hutchison ကုမ္ပဏီဘက်ကမူ အဆိုပါသိမ်းယူမှုသည် "ဥပဒေနှင့် မညီညွတ်သော လုပ်ရပ်" ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ဝန်ထမ်းများမှာလည်း ရာဇဝတ်ကြောင်းအရ အရေးယူမည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ဟောင်ကောင်အစိုးရနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်းမိမိတို့လုပ်ငန်းရှင်များ၏ ရပိုင်ခွင့်ကို ကာကွယ်သွားမည်ဟုဆိုကာ ပနားမား အစိုးရကို ကန့်ကွက်ထားကြသည်။
အဆိုပါအငြင်းပွားမှုသည် ပနားမားနိုင်ငံရှိ ဆိပ်ကမ်း ၄၃ ခုကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း BlackRock ထံသို့ ဒေါ်လာ ၁၉ ဘီလီယံဖြင့် ရောင်းချမည့် CK Hutchison ၏ အစီအစဉ်အပေါ်တွင်လည်း ကြီးမားသော ရိုက်ခတ်မှုများ ရှိလာနိုင်သည်။
လက်ရှိအခြေအနေတွင် ဝါရှင်တန်အစိုးရက ပနားမား၏ဆုံးဖြတ်ချက်ကိုထောက်ခံနေပြီး တရုတ်နိုင်ငံကမူ ပနားမားရှိ စီမံကိန်းအသစ်များအတွက် ဆွေးနွေးပွဲများကိုရပ်ဆိုင်းကာ တုံ့ပြန်ထားသည်။ အဆိုပါဖြစ်ရပ်သည် လက်တင်အမေရိကဒေသအတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားဖြစ်ပွားနေသော ပထဝီနိုင်ငံရေးအားပြိုင်မှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပြီး CK Hutchison အနေဖြင့် ပနားမားအစိုးရကို နိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
