‘မျှတမှုမရှိသော’ အမေရိကန် ကျန်းမာရေးဆိုင်ရာ သဘောတူညီချက်တစ်ခုမှ ဇင်ဘာဘွေနိုင်ငံ ပြန်လည်နုတ်ထွက်

News Image

  • ‘မျှတမှုမရှိသော’ အမေရိကန် ကျန်းမာရေးဆိုင်ရာ သဘောတူညီချက် တစ်ခုမှ ဇင်ဘာဘွေနိုင်ငံ ပြန်လည်နုတ်ထွက်

ဇင်ဘာဘွေနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၆၇ သန်းတန်ဖိုးရှိ အမေရိကန် ကျန်းမာရေးရန်ပုံငွေဆိုင်ရာ သဘောတူညီချက်အဆိုပြုလွှာကို ငြင်းပယ်လိုက်သည်။ ထိုသဘောတူညီချက်သည် မျှတမှုမရှိဘဲ နိုင်ငံ၏အရေးကြီးသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ဝါရှင်တန်နှင့် မျှဝေရန်လိုအပ်နေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Nick Mangwana က ဝန်ကြီးဌာနအချင်းချင်း စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ပြီးနောက် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ‘အပြန်အလှန် လေးစားမှု၊ ပွင့်လင်းမြင်သာမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမှု’ အပါအဝင် အခြေခံမိတ်ဖက်စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း သုံးသပ်ချက်က ကောက်ချက်ချခဲ့သည်။

“အနှစ်သာရအားဖြင့် ထိုအဆိုပြုချက်သည် တစ်ဖက်သတ်ဆန်နေပါသည်” ဟု Mangwana က ဆိုသည်။ ဇင်ဘာဘွေအနေဖြင့် “၎င်း၏ ဇီဝ အရင်း အမြစ်များနှင့် အချက်အလက်များကို ရေရှည်မျှဝေပေးရမည့် အခြေအနေမျိုးဖြစ်ပြီး အပြန်အလှန်အားဖြင့် ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှု များကို ရရှိနိုင်မည့် အာမခံချက်မျိုးမရှိသည့် မမျှတသော စည်းကမ်းချက်များကို လက်မခံနိုင်ကြောင်း” ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝါရှင်တန်ဘက်ကမူ ယခုကဲ့သို့ စေ့စပ်ညှိနှိုင်းမှုများမှ နုတ်ထွက်သွားသည့် ဇင်ဘာဘွေ၏ ဆုံးဖြတ်ချက်အပေါ် ‘စိတ်မကောင်းဖြစ်မိကြောင်း’ ပြောကြားခဲ့သည်။ အကယ်၍ ထိုသဘောတူညီချက်အောင်မြင်ခဲ့ပါက HIV/AIDS ကုသရေးနှင့် ကာကွယ်ရေး၊ တီဘီ၊ ငှက်ဖျား၊ မိခင်နှင့် ကလေး ကျန်းမာရေးအပါအဝင် ဦးစားပေးကျန်းမာရေးကဏ္ဍများအတွက် ငါးနှစ်တာ ကူညီထောက်ပံ့ပေးမည် ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂