Finalissima ဗိုလ်လုပွဲကို စပိန်နိုင်ငံရှိ ရီးယဲလ်မက်ဒရစ် အသင်းအိမ်ကွင်း၌ ပြောင်းလဲကျင်းပဖွယ်ရှိနေ
မက်ဒရစ် မတ် ၃
ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့က Finalissima ဗိုလ်လုပွဲကို စပိန်နိုင်ငံရှိ ရီးယဲလ်မက်ဒရစ် အသင်းအိမ်ကွင်း၌ ပြောင်းလဲကျင်းပဖွယ် ရှိနေကြောင်း သိရသည်။
အစောပိုင်းက ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့က Finalissima ဗိုလ်လုပွဲကို ယခုလအတွင်း ကာတာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိအရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်နိုင်ငံ၊ အစ္စရေးနိုင်ငံနှင့် အီရန် နိုင်ငံတို့ကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး လုံခြုံရေး ပိုင်းစိတ်ချရသည့် အနေအထား မရှိသည့်အတွက် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
Finalissima ဗိုလ်လုပွဲသည် ဥရောပဘောလုံး အဖွဲ့ချုပ်နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ယူရိုဖလားချန်ပီယံ အသင်းနှင့် ကိုပါအမေရိကဖလား ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် အသင်းများ ကစားသည့်ပွဲစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်က စတင် ကျင်းပခဲ့ခြင်း ဖြစ်ကာ ပထမဆုံးကျင်းပခဲ့သည့် အကြိမ်တွင် အာဂျင်တီးနားအသင်းက အီတလီ အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
2026 Finalissima ဗိုလ်လုပွဲကိုလည်း ၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားချန်ပီယံ အာဂျင်တီးနားအသင်း နှင့် ၂၀၂၄ ခုနှစ် ယူရိုဖလားချန်ပီယံ စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့၌ ကျင်းပရန် စီစဉ်နေ သော်လည်း စပိန်နိုင်ငံ၌သာကျင်းပရန် ရာခိုင်နှုန်းများနေကြောင်း သိရသည်။
Ref;One Football
MWD
