နွေရာသီအားကစား သင်တန်းများဆင်းပွဲကျင်းပ

News Image

  • နွေရာသီအားကစား သင်တန်းများဆင်းပွဲကျင်းပ

ထားဝယ်   မတ်  ၃

     တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာ  ကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီး   ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်း  များဆင်းပွဲကို  ယနေ့နံနက် ၉ နာရီတွင် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  တစ်မျိုး သားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက် ကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို နိုင်ငံတော်က ချမှတ်ပေး ထားသည့်  အားကစားနှင့်ကာယပညာ ဆိုင်ရာမူဝါဒများနှင့်အညီ  အားကစား လုပ်ငန်းများကို တစ်မျိုးသားလုံး လူထု လှုပ်ရှားမှုအသွင်ဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားသမားမျိုးဆက်သစ် များ စဉ်ဆက်မပြတ်မွေးထုတ် လေ့ကျင့်ပေးခြင်းသည် လုပ်ငန်းတစ်ရပ်အနေဖြင့် ပါဝင်လျက်ရှိကြောင်း၊ ဒေသတစ်ခု၏ အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော  မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက် လာရေးသည်အရေးပါလှကြောင်း၊ သင်တန်း သားများအနေဖြင့် သင်တန်းဆင်းသွားပြီး ပါက သင်ကြားပေးလိုက်သော အားကစား နည်းစနစ်များကို မေ့ပျောက်မသွားစေရန် ဆက်လက်လေ့ကျင့်  ကစားနေကြရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်ဆိုသည့် ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး အမြဲမပြတ်ကြိုးပမ်းလုပ်ဆောင်နေကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း   ကျင်းပမည့်ကျောင်းသားအားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ  အားကစားပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၊   မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့်  ထူးချွန်သော အားကစားသမားများ ဖြစ်လာနိုင်ကြောင်း၊ သင်တန်းသားများအနေဖြင့်  မိမိ၏ အားကစားနည်းများကို တိုးတက်လာအောင် ဆက်လက်လေ့ကျင့် အားထုတ်သွားကြရန်၊ နည်းပြဆရာများအနေဖြင့် သင်တန်းသားများကို အဆင့်မြင့်အားကစားနည်းများ တတ်ကျွမ်းလာအောင် ဆက်လက်သင်ကြားပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက  သင်တန်း သားများအား သင်တန်းဆင်းလက်မှတ်ပေး ပြီး သင်တန်းဆင်း အားကစားအဖွဲ့များ၏ မြန်မာ့သိုင်း၊ ဂျူဒို၊ လက်ဝှေ့၊ ခရစ်ကက်၊ တိုက်ကွမ်ဒို၊ ဘတ်စကက်ဘော၊ Fitness Dance၊ ဘင်ခရာ စသည့်သရုပ်ပြသမှုများကို  ကြည့်ရှုအားပေး ကြကြောင်း သိရသည်။   

MWD