မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး နွေရာသီ အားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေး
နေပြည်တော် မတ် ၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့နယ်တို့ရှိ အားကစားကွင်း၊ အားကစားရုံများအခြေအနေ ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အားကစားကွင်းအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုမူလ ခွင့်ပြုရန်ပုံငွေဖြင့် မီတာ ၄၀၀ မြေသားပြေးလမ်းပါ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် မိုးလုံလေလုံအားကစားရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံ ရေရှည်တည်တံ့စေရေး၊ မြက်ခင်းများ စိမ်းလန်းစိုပြည်စေရေး၊ ဂိုးတိုင်နှင့် ဂိုးပိုက်များကို စနစ်တကျတပ်ဆင်ထားရှိပြီး အမြဲတမ်း သစ်လွင်တောက်ပစေရေး၊ နွေရာသီအားကစား သင်တန်းများတွင် ဆုတံဆိပ်ရရှိနိုင်သည့် ပြေးခုန်ပစ်နှင့် အတိုက်အားကစားနည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းကုန်းမြို့နယ် အားကစားကွင်းသို့ရောက်ရှိရာ ဘောလုံးကွင်းအတွင်း အလျားပေ ၁၂၀၊ အနံပေ ၉၀ အားကစားခန်းမတည်ဆောက်ရန် လျာထားမြေနေရာကိုကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေး ပုံမှန်ဆောင်ရွက်ရန်နှင့် ရေ၊ မီးသုံးစွဲမှုများ အဆင်ပြေစေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များကို စနစ်တကျတပ်ဆင် ထားရှိရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပန်းတနော်မြို့နယ် အားကစားကွင်း အခြေအနေကိုကြည့်ရှုပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားကစားကွင်း၊ အားကစားရုံများတွင် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေး၊ အားကစားလေ့ကျင့်မှုများနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် နွေရာသီအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း၊ အားကစားရုံများ ရေရှည်တည်တံ့ စေရေးနှင့် အစဉ် အမြဲသန့်ရှင်းသာယာ လှပစေရေးအတွက် စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
MWD
