ဒဂုံစတားယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ယူ
ရန်ကုန် မတ် ၃
၂၀၂၅-၂၀၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၀)ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဒဂုံစတား ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ဒဂုံစတား ယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိသွားသည်။
အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှ ဒဂုံစတားယူနိုက်တက်အသင်းနှင့် အမှတ်ပေးဇယားအဆင့်(၅)နေရာမှ မဟာယူနိုက် တက်အသင်းတို့ ယနေ့တွေ့ဆုံခဲ့ကြပြီး ပထမအကျော့တွေ့ဆုံမှုတွင်လည်း တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့သည့် အတွက် ယနေ့နိုင်ပွဲရရှိရန် နှစ်ဖက်အသင်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။
ပထမပိုင်းပွဲစသည်နှင့် နိုင်ပွဲရရှိရန် နှစ်သင်းလုံးတိုက်စစ်ဖွင့် ကစားခဲ့ကြသည်။ ပွဲကစားချိန် ၂၁ မိနစ်တွင် ဒဂုံစတားကစားသမား ရန်ကျော်ထွေးရဲ့ ဖြတ်တင်ပေးမှုကို မဟာယူနိုက်တက်ကစားသမား ထက်ဇော်ထွန်း ဖြတ်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဖြစ်သွား၍ ဒဂုံစတားအသင်း ဦးဆောင်ဂိုး ရရှိသွားသည်။ မဟာယူနိုက်တက်အသင်း ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရပြီး နောက်ပိုင်းတွင် ချေပဂိုးရရှိရေး တိုက်စစ်ပိုမြှင့်ကစားလာသည်။
ဒုတိယပိုင်းပြန်စသည်နှင့် နှစ်ဖက်အသင်း ကစားသမားများ အပြောင်းအလဲဖြင့် ကစားလာကြသည်။ မဟာယူနိုက်တက်အသင်း ချေပဂိုးရရှိရေး တွန်းတွန်းတိုက်တိုက် ကစားလာခဲ့၍ ဒဂုံစတားယူနိုက်တက်အသင်း ခံစစ်အသွင်ကစားပြီး ရရှိသည့် အခြေအနေ ကနေ တန်ပြန်တိုက်စစ်ကစားလာသည်။ မဟာယူနိုက်တက်အသင်းအတွက် ချေပဂိုး သွင်းခွင့်ရခဲ့ပေမယ့် ဒဂုံစတားယူနိုက်တက် အသင်းနောက်တန်း ကစားသမားများနှင့် ဂိုးသမားတို့၏ ဟန့်တားကာကွယ်နိုင်မှုကြောင့် ဂိုးရရှိခြင်းမရှိဘဲ ပထမပိုင်းဂိုးရလဒ် တစ်ဂိုး၊ဂိုးမရှိဖြင့်ပင် ဒဂုံစတားအသင်းက အနိုင်ရရှိသွားသည်။
ဝန်းရံခ
MWD
