ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အနီကတ်အကြိမ်ရေ အများဆုံးမှတ်တမ်းတစ်ရပ်ကို ချယ်လ်ဆီးအသင်းရရှိ

News Image

  • ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အနီကတ်အကြိမ်ရေ အများဆုံးမှတ်တမ်းတစ်ရပ်ကို ချယ်လ်ဆီးအသင်းရရှိ

လန်ဒန်   မတ်   ၃

ပြီးခဲ့သည့်    အာဆင်နယ်အသင်းနှင့်  ချယ်လ်ဆီး အသင်းတို့ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ် တွင်   ချယ်လ်ဆီးအသင်း  တောင်ပံကစားသမား  နက်တို   အနီကတ်ပြသခံရပြီးနောက်     ချယ်လ်ဆီး အသင်းသည်      ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ် လျှောက်     တစ်ရာသီအတွင်း    အနီကတ်အကြိမ်ရေ အများဆုံး   မှတ်တမ်းဆိုးတစ်ရပ်ကို   ရရှိခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယခုဘောလုံးရာသီတွင် နက်တိုအနီကတ်ပြသခံရပြီးနောက်      အနီကတ် အကြိမ်ရေကိုးကြိမ်အထိ ရှိလာသည့်အတွက်  ပြိုင်ပွဲသမိုင်းတစ်လျှောက်   တစ်ရာသီအတွင်း အနီကတ် ကိုးကြိမ်ပြသခံရသည့် အသင်းစာရင်းတွင် ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ     သမိုင်းတစ်လျှောက် ချယ်လ်ဆီးအသင်းမတိုင်မီက    တစ်ရာသီအတွင်း အနီကတ်ကိုးကြိမ်ပြသခံရသည့် ကလပ်အသင်းများအဖြစ် ၂၀၀၈-၂၀၀၉ ဘောလုံးရာသီက ဆန်းဒါးလန်းအသင်းက လည်းကောင်း၊ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ က ကျူပီအာအသင်းကလည်းကောင်း မှတ်တမ်းဝင် ခဲ့ပြီး   ယခုအခါ  ချယ်လ်ဆီးအသင်းက   တစ်ရာသီအတွင်း အနီကတ် ကိုးကြိမ်ပြသခံရသည့် တတိယ မြောက် ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဆန်းဒါးလန်းအသင်း၊ ကျူပီအာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့နောက်တွင် အနီကတ်ရှစ်ကြိမ် ပြသခံရသည့် ကလပ် အသင်းများအဖြစ် ၁၉၉၄-၁၉၉၅ ဘောလုံး ရာသီက လက်စတာအသင်း၊ ၁၉၉၈-၁၉၉၉ ဘောလုံး ရာသီက ဘလက်ဘန်းအသင်း၊ ၁၉၉၉-၂၀၀၀ ဘောလုံး ရာသီက ဝက်စ်ဟမ်းအသင်း၊ ၂၀၀၈-၂၀၀၉ ဘောလုံး ရာသီက နယူးကာဆယ်အသင်းနှင့် ၂၀၁၃-၂၀၁၄ ဘောလုံးရာသီက      ဆန်းဒါးလန်းအသင်းတို့က မှတ်တမ်းဝင်ခဲ့ကြသည်။

ချယ်လ်ဆီးအသင်းသည်     ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၀ ပွဲကစားရန် ကျန်ရှိနေသေးပြီး  နောက်ထပ်တစ်ကြိမ် အနီကတ်ပြသခံရမည် ဆိုပါက  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း    အနီကတ်အကြိမ်ရေအများဆုံး ကလပ်အသင်းအဖြစ် စံချိန်တင်မှတ်တမ်းဆိုး တစ်ရပ်ကို     ရရှိမည်ဖြစ်သည့်အတွက်      စည်းကမ်းပိုင်းအား အနည်းဆုံးအသင်းအဖြစ်လည်း   သတ်မှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

Ref;Top Skill Sports UK

MWD