ယူကရိန်းနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလက်ခံရရှိ
ယူကရိန်းနိုင်ငံသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ၏ လေးနှစ်သက်တမ်းရှိ တိုးချဲ့ရန်ပုံငွေအစီအစဉ်သစ်အရ ပထမအသုတ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို လက်ခံရရှိပြီးဖြစ်သည်ဟု ယူကရိန်းဝန်ကြီးချုပ် ယူလီယာဆဗီရီဒန်ကို က မတ်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ တိုးချဲ့ရန်ပုံငွေအစီအစဉ်အရ ပထမဆုံးအသုတ်ဖြစ်သည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို စာရင်းအတွင်းသို့ထည့်သွင်းပြီးဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေများကို ဦးစားပေးအသုံးစရိတ်များနှင့် မက်ခရိုစီးပွားရေး တည်ငြိမ်မှုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဆဗီရီဒန်ကိုက ၎င်း၏လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသည်။
နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် လေးနှစ်သက်တမ်းရှိ ငွေကြေးထောက်ပံ့မှု အစီအစဉ်သစ်အဖြစ် စုစုပေါင်း ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံရှိ ချေးငွေများကိုပေးအပ်ရန် ဖေဖော်ဝါရီလ၂၆ ရက်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံသို့ ပေးအပ်သော ရန်ပုံငွေအားလုံးကို အဆိုပါနိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရည်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။
Ref: Iv
MWD
