အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ ရေနံဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာ
အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေး ထိခိုက်ပျက်ပြားမည်ကို စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် တနင်္လာနေ့ (မတ် ၂) တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ၁၃ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။ အရှေ့ အလယ်ပိုင်းဒေသတစ်ခွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ်သန်းသွား လာနေသည့် ရေနံတင်သင်္ဘောလုပ်ငန်းများမှာလည်း ပြင်းထန်စွာ ရိုက်ခတ်မှုများ ကြုံတွေ့နေရပြီဖြစ်သည်။
အီရန်နှင့် အိုမန်နိုင်ငံကြားရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းလိုအား စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို သယ်ယူပို့ဆောင်ပေးနေသည့် လမ်းကြောင်းဖြစ်သည်။ အဆိုပါ ရေလက်ကြားအား သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အီရန်အာဏာပိုင်များက ပြောကြားထားသော်လည်း တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်များရှိနေခြင်းကြောင့် ရေကြောင်းသွားလာမှုများမှာ အကြီးအကျယ် ရပ်တန့်နေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
တနင်္လာနေ့ (မတ် ၂) က ICE ဈေးကွက်တွင် Brent crude ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် ၈၂ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး ယင်းမှာ ၁၄ လအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းသွားကာ ၇၉.၅ ဒေါ်လာဝန်းကျင်တွင် ရှိနေသည်။
ဗြိတိန်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ စင်တာ (UKMTO) ၏ တနင်္ဂနွေနေ့ (မတ် ၁) ထုတ်ပြန်ချက်အရ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရပြီး အိုမန်ရေကြောင်း လုံခြုံရေးစင်တာကလည်း အမေရိကန်၏ ပိတ်ဆို့အရေးယူခြင်းခံထားရသော ရေနံတင် သင်္ဘောတစ်စင်းမှာ အိုမန်ကမ်းလွန်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း အစီရင်ခံထားသည်။
တနင်္ဂနွေနေ့ (မတ် ၁) တွင် Reuters သတင်းဌာန၏ ဖော်ပြချက်အရ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ဆောင်ထားသည့်သင်္ဘောပေါင်း အနည်းဆုံး ၁၅၀ ခန့်သည် ဟော်မုဇ်ရေလက်ကြားအပြင်ဘက် ပင်လယ်ကွေ့ရေပြင်တွင် ကျောက်ချရပ်နားထားရပြီး အခြား သင်္ဘောအများအပြားမှာလည်း ရေလက်ကြား အဝင်အထွက်နေရာများတွင် ငြိမ်သက်စွာ ရပ်တန့်နေကြသည်ဟု ဆိုသည်။ Financial Times သတင်းဌာနကလည်း အာမခံကုမ္ပဏီများသည် သင်္ဘောပိုင်ရှင်များထံသို့ သတိပေးချက်များပေးပို့ထားပြီး ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် သင်္ဘောများအတွက် အာမခံမူဝါဒများကို ပယ်ဖျက်ခြင်း သို့မဟုတ် အာမခံကြေးများတိုးမြှင့်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
စီးပွားရေးပညာရှင် Yegor Susin ၏ ပြောကြားချက်အရ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားကြောင်း သိရသည်။ အကယ်၍ ယခုကဲ့သို့ အနှောင့်အယှက်ဖြစ်မှုများသည် လေးပတ်ခန့်ကြာမြင့်မည်ဆိုပါက ရေနံစည်ပေါင်း သန်း ၂၀၀ မှ ၃၀၀ အထိ ဆုံးရှုံးနိုင်ခြေရှိကြောင်းနှင့် ရေနံဈေးနှုန်းမှာလည်း တစ်စည်လျှင် ၈၀ ဒေါ်လာမှ ၁၂၀ ဒေါ်လာအထိ ယာယီမြင့်တက်သွားနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။
စနေနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းက အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သည့် စစ်ရေးအရ တိုက်ခိုက်မှုများသည် လျော့ပါး သွားမည့် အရိပ်အယောင်မတွေ့ရသေးပေ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁ ရက်နေ့တွင် ပြောကြားရာ၌ အမေရိကန်၏ ရည်မှန်းချက်များ ပြည့်ဝသည်အထိ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုပဋိပက္ခသည် "လေးပတ်မှ ငါးပတ်ခန့်" ကြာမြင့် နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ပြင်းထန်သော အဆိုပါ တိုက်ခိုက်မှုများအတွင်း အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) အကြီးအကဲအပါအဝင် ထိပ်တန်းခေါင်းဆောင်အချို့ သေဆုံးခဲ့သည်။ တီဟီရန် အာဏာပိုင်များကလည်း အစ္စရေး နိုင်ငံ နှင့် အမေရိကန် စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့နိုင်ငံအချို့ကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သည်။
ဒေသတွင်း ပဋိပက္ခ ပိုမိုပြင်းထန်လာသည့် လက္ခဏာအဖြစ် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့သည်လည်း အစ္စရေးစစ်တပ်အခြေစိုက်စခန်းများကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ စစ်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်ကလည်း လက်ဘနွန်လက်နက်ကိုင်အဖွဲ့၏ အခြေခံအဆောက်အအုံများနှင့် ကွပ်ကဲမှုစခန်းများကိုပစ်မှတ်ထားကာ လက်စားချေလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
