ဓနုဖြူမြို့နယ်၌ ဒေသထွက်ငါးတန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

News Image

  • ဓနုဖြူမြို့နယ်၌ ဒေသထွက်ငါးတန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

ဓနုဖြူ   မတ်  ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်  ဓနုဖြူမြို့နယ်၌ ဒေသထွက်ငါးတန်များ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ်မှ ရေထွက် ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ   ဒေါ်သူ အောင်၏ပြောကြားချက်အရ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ  ဓနုဖြူမြို့နယ်၌ ငါးတန်များ ဝယ်လိုအားကောင်းပြီး   အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊  အဆိုပါဒေသ၌ နေ့စဉ်  ငါးတန်ပိဿာ ၄၅၀၀ မှ ၆၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။

"ဓနုဖြူမြို့နယ်မှာ ငါးတန်တွေဝယ်လိုအား ကောင်းနေပါတယ်။ ဒေသထွက် ငါးတန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ   အဓိက တင်ပို့ရောင်းချနေတာပါ။    လက်ရှိမှာ ငါးတန်တွေက တခြားငါးအမျိုးအစားတွေထက် အရောင်း အဝယ်ဖြစ်နေပါတယ်။  ငါးတန်အရောင်းအဝယ်ကောင်း လာတော့ လုပ်သားတွေနဲ့လုပ်ငန်းရှင်တွေ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာပါတယ်"ဟု ဒေါ်သူအောင်က ပြောသည်။

ဓနုဖြူမြို့နယ်၌ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများက  ဒေသထွက်ငါးတန်များကို ဝယ်ယူပြီး ရောင်းတမ်းဝင်သည့် အနေအထားကို ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။                             

MWD