အရှေ့အလယ်ပိုင်း စွမ်းအင်ကဏ္ဍတိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာ့ရေနံစျေး ၁၁၀ ဒေါ်လာသို့ မြင့်တက်
အရှေ့အလယ်ပိုင်းဒေသတစ်ဝန်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများတိုက်ခိုက်ခံရမှုကြောင့် စျေးကွက်အတွင်း တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တွင် ကမ္ဘာ့ရေနံစျေးနှုန်းများမှာတစ်စည်လျှင် ၁၁၀ ဒေါ်လာအထိ ထိုးတက်သွားခဲ့သည်။ ယင်းအခြေ အနေမှာ စွမ်းအင်စျေးနှုန်းမြင့်တက်လာမှုအပေါ် စိုးရိမ်ပူပန်မှုများကိုလျှော့ချရန် အိမ်ဖြူတော်၏ ကြိုးပမ်းအားထုတ်မှုများထက်ပင် သာလွန် သွားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံက စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်း သတ်မှတ်ချက်ဖြစ်သည့် Brent crude မှာ တစ်စည်လျှင် ၁၁၀.၉၀ ဒေါ်လာ အထိ မြင့်တက်ခဲ့ပြီး အမေရိကန်ရေနံစိမ်းစျေးနှုန်းမှာလည်း ၉၉.၇၈ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ သတိပေးချက်ထွက်ပေါ်လာပြီးနောက် ကာတာနိုင်ငံရှိ အဓိကစွမ်းအင် အဆောက်အအုံအချို့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံတွင်လည်း ဝေဟင်မှခြိမ်းခြောက်မှုများကို ကြားဖြတ်ဟန့်တားခဲ့ရသည်။
အီရန်နိုင်ငံ၏ အစိုးရပိုင်သတင်းဌာနက South Pars သဘာဝဓာတ်ငွေ့မြေနှင့် Asaluyeh ရှိ ရေနံစက်ရုံများ တိုက်ခိုက်ခံရကြောင်း ထုတ်ပြန်ပြီးနောက် ရေနံစျေးနှုန်းမြင့်တက်မှုမှာ ပိုမိုအားကောင်းလာခဲ့သည်။ အစောပိုင်းတွင် Brent crude သည် ၃.၈၃ ရာခိုင်နှုန်း မြင့်တက်ကာ ၁၀၇.၃၈ ဒေါ်လာဖြင့် စျေးပိတ်ခဲ့ပြီး အမေရိကန် ရေနံစိမ်း မှာ ၀.၁ ရာခိုင်နှုန်း မြင့်တက်ကာ ၉၆.၃၂ ဒေါ်လာဖြင့် စျေးပိတ်ခဲ့ခြင်းဖြစ်သည်။
အိမ်ဖြူတော်က လာမည့်ရက်ပေါင်း ၆၀ အတွင်း အမေရိကန် ဆိပ်ကမ်းများအကြား ကုန်စည်ပို့ဆောင်ရာတွင် နိုင်ငံခြားအလံတင်သင်္ဘောများကို ခွင့်ပြုရန် Jones Act ကို ယာယီဖြေလျှော့ပေးခဲ့သော်လည်း Brent crude စျေးနှုန်းမှာ ဆက်လက်မြင့်တက်နေခဲ့သည်။
ပုံမှန်အားဖြင့် ရေနံစျေးနှုန်းများကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် နေ့လယ် ၂:၃၀ နာရီတွင် နေ့စဉ်ပိတ်စျေးအဖြစ်သတ်မှတ်သော်လည်း ရေနံစျေးကွက်မှာ ရက်သတ္တပတ်အတွင်း (မွန်းလွဲပိုင်း တစ်နာရီ နားချိန် မှလွဲ၍) ၂၄ နာရီနီးပါး အရောင်းအဝယ် ဖြစ်နေခြင်းဖြစ်သည်။
Tortoise Capital မှ အကြီးတန်းရင်းနှီးမြှုပ်နှံမှု မန်နေဂျာ Rob Thummel က "စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ ခန့်မှန်းထားသည့် အချိန်ဇယားတွေဟာ ချက်ချင်းပဲ အလှမ်းဝေးသွားပါပြီ ၊ အဲဒီအခြေခံအဆောက်အအုံတွေကို အသစ်ပြန်တည်ဆောက်ဖို့ လပိုင်း ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ် ၊ အဲဒါကြောင့်လည်း ရေနံစျေးကွက်က အခုလို တုံ့ပြန်နေတာလို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
