အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ‘စံချိန်တင် ငတ်မွတ်ခေါင်းပါးမှု’ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး

News Image

  • အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ‘စံချိန်တင် ငတ်မွတ်ခေါင်းပါးမှု’ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း WFP သတိပေး

အရှေ့အလယ်ပိုင်းပဋိပက္ခသည် အချိန်တိုအတွင်း ပြီးဆုံးမည့်အရိပ်အယောင်မရှိဘဲ အဓိကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ ခံနေရခြင်းကြောင့် တစ်ကမ္ဘာလုံးတွင် "စံချိန်တင် ငတ်မွတ်ခေါင်းပါးမှု" ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခများ အရှိန်မြင့်လာသည်နှင့်အမျှ လူပေါင်း ၄၅ သန်းခန့်သည် အပြင်းအထန် ငတ်မွတ် ခေါင်းပါးမှုဘေးသို့ ထပ်မံကျရောက်သွားနိုင်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ငတ်မွတ်သူပေါင်း ၃၆၃ သန်းအထိ ရှိလာနိုင်ကြောင်း ဆိုသည်။

"အကြမ်းဖက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ နေရပ်စွန့်ခွာရမှု၊ ကုန် စျေးနှုန်းကြီးမြင့်မှုနှင့် စားနပ်ရိက္ခာစနစ်များ ပျက်ပြားမှုတို့ကြောင့်ဒေသတွင်းနှင့် ဒေသပြင်ပရှိ မိသားစုများသည် ငတ်မွတ်ခေါင်းပါးမှု ဘေးသို့ ပိုမိုနီးကပ်စွာ တွန်းပို့ခြင်းခံနေရသည်" ဟု WFP က ၎င်းတို့၏ ဝဘ်ဆိုက်တွင် ကြာသပတေးနေ့ (မတ် ၁၉) က ဖော်ပြခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍတွင် မြေသြဇာသည် အလွန်အရေးကြီးပြီး ကမ္ဘာ့မြေသြဇာထောက်ပံ့မှု၏ လေးပုံတစ်ပုံသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေရကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

တောင်အာရှဒေသသည် အန္တရာယ်အရှိဆုံးဇုန်များတွင်ပါဝင်နေပြီး နောင်တွင် သီးနှံထွက်နှုန်း လျော့ကျနိုင်သည့်အပေါ် ကုလသမဂ္ဂက စိုးရိမ် လျက်ရှိသည်။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသအချို့ရှိ တောင်သူများသည်လည်း စိုက်ပျိုးရာသီသို့ ရောက်ရှိနေသော်လည်း သီးနှံများကို ပြုစုစောင့်ရှောက်နိုင်စွမ်းမရှိသည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသဖြင့် လာမည့်လများတွင် ထွက်နှုန်းလျော့ကျကာ စားနပ်ရိက္ခာစျေးနှုန်းများမြင့်တက်လာနိုင်ကြောင်း WFP က သတိပေးသည်။ "ကုန်ကျစရိတ်အနည်းငယ်မျှ မြင့်တက်လာခြင်းသည်ပင် ထိခိုက်လွယ်သော မိသားစုများကို အကျပ်အတည်းထဲသို့ တွန်းပို့နိုင်သည်" ဟု ဆိုသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှတစ်လွှားတွင် အသုံးပြုနေသည့် စိုက်ပျိုးရေးမြေသြဇာ ထက်ဝက်ကျော်မှာ နိုက်ထရိုဂျင်အခြေခံ မြေသြဇာ များဖြစ်ကြောင်း Lowy Institute မှ သုတေသီ Robert Walker က ပြောကြားခဲ့ရာ ယင်းသည် ယူရီးယား ပြတ်လပ်မှုဒဏ်ကို အဆိုပါ ဒေသများ ခံစားရနိုင်ခြေရှိနေသည်။ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အဆိုအရ ကမ္ဘာ့ယူရီးယားထောက်ပံ့မှု၏ ၃၅ရာခိုင်နှုန်းခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။

တရုတ်အစိုးရဘက်က တရားဝင်အတည်ပြုခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ပြည်တွင်းစျေးကွက်ကို ကာကွယ်ရန်အတွက် မြေသြဇာတင်ပို့မှုကို ကန့်သတ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Reuters က ဖော်ပြခဲ့သည်။ ယင်းသည် စစ်ပွဲကြောင့် ပြတ်လပ်မှုဒဏ် ခံစားနေရနှင့်ပြီးဖြစ်သော ကမ္ဘာ့စျေးကွက်အပေါ် ပိုမိုဖိအားဖြစ်စေမည် ဖြစ်သည်။

ရေလက်ကြားအနီး တိုက်ခိုက်မှုများ အရှိန်မြင့်လာခြင်းကြောင့် သင်္ဘောသွားလာမှုများ ရပ်တန့်လုနီးပါးဖြစ်ကာ ကြာသပတေးနေ့ (မတ် ၁၉) တွင် ရေနံစျေးမှာ တစ်စည်လျှင် ၁၁၅ ဒေါ်လာအထိ မြင့်တက်သွားခဲ့ပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် အာမခံစရိတ်များကို မြင့်တက်စေခဲ့သည်။

သယ်ယူပို့ဆောင်ရေးလောင်စာ ၉၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းနေရသည့် သြစတြေးလျနိုင်ငံရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များအတွက်လည်း စိုးရိမ်မှုများ ထွက်ပေါ်နေကြောင်း Australian Dairy Farmers အဖွဲ့၏ ဥက္ကဋ္ဌ Ben Bennett က ပြောကြားခဲ့သည်။ "နို့စားနွားတွေကို စက်တွေလို ပိတ်ထားလို့မရသလို နို့တွေကိုလည်း ခြံထဲမှာ အကန့်အသတ်မရှိ သိုလှောင်ထားလို့ မရပါဘူး၊ လောင်စာဆီ မရရှိတာ ဒါမှမဟုတ် စျေးနှုန်း မတတ်နိုင်တာကြောင့် နို့တင်ဆောင်တဲ့ကားတွေ ရပ်နားလိုက်ရရင် တောင်သူတွေအနေနဲ့ တိရစ္ဆာန်ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂