မြောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲကြီးဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

News Image

  • မြောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲကြီးဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

စစ်ကိုင်း မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲကြီးဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီး ၁၄၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးထားသော ပဲကြီးစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၅ ဒသမ ၂၇ တင်း ထွက်ရှိကြောင်း သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီ မြောင်မြို့နယ်မှာ ပဲကြီး ၁၄၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပဲကြီးစိုက်ခင်းတွေ လက်ရှိမှာတော့ ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ပဲကြီးအထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေ၊ သွင်းအားစုတွေကို တောင်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ပါတယ်" ဟု စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောပြသည်။

မြောင်မြို့နယ်တွင် ပဲကြီးစိုက်တောင်သူများအနေဖြင့် ပဲကြီးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများကို စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

GAP နည်းစနစ်ဖြင့် စိုက်ပျိုးသည့် သီးနှံများသည် အခြားနည်းစနစ်များဖြင့် စိုက်ပျိုးသည့် သီးနှံများထက် အရည်အသွေးများ ပိုမိုကောင်းမွန်ခြင်း၊ ပြည်တွင်းဈေးကွက်အတွင်းသာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပဲကြီးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲကြီးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောပြ၍ သိရသည်။

ရတနာပုံ