အီရန်အပေါ် စစ်ရေးဆိုင်းငံ့မည်ဆိုသည့် ထရမ့်၏ ထုတ်ပြန်ချက်ကြောင့် ရေနံဈေးနှုန်းများ ကျဆင်းပြီး စတော့ဈေးကွက်များ ပြန်လည်ဦးမော့လာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အအုံများအပေါ် ထပ်မံတိုက်ခိုက်မည့်အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးမှု များမပြီးမချင်း ခေတ္တဆိုင်းငံ့ထားမည်ဟု တနင်္လာနေ့ (မတ် ၂၃) တွင် ကြေညာလိုက်ရာ ကမ္ဘာ့စတော့ဈေးကွက်များ သိသိသာသာ ထိုးတက်သွားပြီး မြင့်တက်နေသော ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းသွားခဲ့သည်။
အဆိုပါသတင်းကြောင့် အမေရိကန်စတော့အညွှန်းကိန်းများဖြစ်သည့် Dow Jones သည် ၉၇၅ မှတ် (၂.၁%) ၊ S&P 500 သည် ၂% နှင့် Nasdaq သည် ၂.၃% အသီးသီး မြင့်တက်ခဲ့ကြသည်။ အလားတူ ဥရောပ ဈေးကွက်တွင်လည်း ဂျာမနီ၏ DAX အညွှန်းကိန်းမှာ ၁.၈% အထိ မြင့်တက်ခဲ့ပြီး အရှုံးပေါ်နေသည့် အခြေအနေမှ ပြန်လည်နိုးထလာခဲ့သည်။
စစ်ရေးတင်းမာမှု လျော့ကျသွားနိုင်သည်ဟူသော မျှော်လင့်ချက်ကြောင့် ရေနံစိမ်းဈေးနှုန်းများမှာ ၁၀% ခန့်အထိ ထိုးဆင်းသွားခဲ့ပြီး Brent ရေနံစိမ်းမှာ တစ်စည်လျှင် ၁၀၀.၈၇ ဒေါ်လာနှင့် အမေရိကန်ရေနံစိမ်းမှာ ၈၈.၉၀ ဒေါ်လာအထိ ကျဆင်းသွားသည်။ ရေနံနှင့်အတူ ဒီဇယ်နှင့် ဓာတ်ဆီ အနာဂတ်ဈေးနှုန်းများလည်း လိုက်ပါကျဆင်းခဲ့သော်လည်း ယခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းမှာ ၇၀% ကျော် မြင့်တက်နေဆဲဖြစ်သည်။ တစ်ဖက်တွင်လည်း ဘေးကင်းသော ရင်းနှီးမြှုပ်နှံမှုဟုယူဆကြသည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာအညွှန်းကိန်းတို့မှာ ၂% ခန့်အထိ ပြန်လည် ကျဆင်း သွားသည်ကို တွေ့ရှိရသည်။
ဈေးကွက်အတွင်း ကနဦးတွင် အကောင်းမြင်မှုများရှိခဲ့သော်လည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က တီဟီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေခြင်းနှင့် အီရန်၏ တုံ့ပြန်မှုအခြေအနေမှာ မရေမရာဖြစ်နေခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံသူများအကြား စိုးရိမ်ပူပန်မှုအချို့ ကျန်ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုကြောင့် ရေနံ ဈေးနှုန်းမှာ ယခင်ထက် သုံးပုံတစ်ပုံခန့် မြင့်တက်နေဆဲဖြစ်ကာ အမေရိကန် ပြည်တွင်း ဓာတ်ဆီဈေးနှုန်းမှာလည်း ၂၃ ရက်ဆက်တိုက် မြင့်တက်လျက်ရှိပြီး တစ်ဂါလန်လျှင် ၃.၉၆ ဒေါ်လာဖြင့် ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
