ဟော်မုဇ်ရေလက်ကြား လုံးဝနီးပါး ပိတ်ဆို့နေဆဲကြောင့် ဂျပန်နိုင်ငံက နိုင်ငံ၏ အရန်ရေနံများကို ထုတ်ပေးရန် ပြင်ဆင်

News Image

  • ဟော်မုဇ်ရေလက်ကြား လုံးဝနီးပါး ပိတ်ဆို့နေဆဲကြောင့် ဂျပန်နိုင်ငံက နိုင်ငံ၏အရန်ရေနံများကို ထုတ်ပေးရန် ပြင်ဆင်

အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားစဉ်အတွင်း ဂျပန်အစိုးရသည် ၎င်း၏ နိုင်ငံပိုင်အရန်ရေနံများထဲမှ ရက်ပေါင်း ၃၀ စာ ပမာဏကို လာမည့်ကြာသပတေးနေ့ (မတ် ၂၆) တွင် စတင် ထုတ်ပေးတော့မည်ဖြစ်သည်။

ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော ဂျပန်၏ ထိခိုက်မှုများကို လျှော့ချရန်အတွက် ပုဂ္ဂလိကကဏ္ဍ အရန်သိုလှောင်မှုများမှထပ်မံထုတ်ပေးမည့်အပြင် စုစုပေါင်း ရက်ပေါင်း ၄၅ ရက်စာအထိ (သမိုင်းတစ်လျှောက် အများဆုံးပမာဏ) ထုတ်ပေးရန် စီစဉ်ထားသည့် ပိုမိုကျယ်ပြန့်သောအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အစိုးရနှင့်ပုဂ္ဂလိက အရန်သိုလှောင်မှုများအပါအဝင် ရက်ပေါင်း ၂၅၄ ရက်စာခန့် အသုံးပြုနိုင်သော ကမ္ဘာ့အကြီးဆုံး ရေနံ သိုလှောင်မှု အင်အားစုတစ်ခုရှိသည်။ သို့သော် ၎င်း၏ ရေနံစိမ်းလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရဆဲဖြစ်ရာ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း ဂျပန်မှာ အားနည်းချက်ရှိနေဆဲဖြစ်သည်။

အစိုးရအနေဖြင့် လက်ရှိအချိန်အထိ စွမ်းအင်ချွေတာရေးအတွက် တင်းကျပ်သော အမိန့်များထုတ်ပြန်ခြင်းကို ရှောင်ရှားထားသော်လည်း ထောက်ပံ့ရေးကွင်းဆက် စိုးရိမ်မှုများကြောင့် အိမ်သာသုံးစက္ကူ (Toilet Paper) များကို အလုအယက် ဝယ်ယူစုဆောင်းခြင်းမျိုး မပြုလုပ်ကြရန် သတိပေးထားသည်။ ထို့ပြင် လောင်စာဆီဈေးနှုန်းများမှာ တစ်လီတာ လျှင် ၁၉၀ ယန်း ($၁.၂၀) အထိ စံချိန်တင် မြင့်တက်နေသောကြောင့် ဂျပန်အစိုးရသည် ဓာတ်ဆီဈေးနှုန်းကို တစ်လီတာလျှင် ၁၇၀ ယန်း ($၁.၀၇) ဝန်းကျင်တွင် ထိန်းထားနိုင်ရန် လောင်စာဆီ ထုတ်ကုန်များအတွက် ထောက်ပံ့ကြေး (Subsidies) များ စတင်ပေးနေပြီဖြစ်သည်။

စွမ်းအင်ပြတ်လပ်မှုနှင့် ပတ်သက်လာလျှင် ဂျပန်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများထက် ပိုမိုအသင့်ပြင်ဆင်ထားသည်။ ယင်းအတွက် ၁၉၇၀ ပြည့်လွန်နှစ်များက ကြုံတွေ့ခဲ့ရသော ရေနံအကျပ်အတည်း (Oil Shocks) များကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးသည် ငွေကြေးဖောင်းပွပြီး တိုးတက်မှုရပ်တန့်ခြင်း (Stagflation) ဒဏ်ကို ခံခဲ့ရသည်။ ယွမ်ကပ္ပူရ်စစ်ပွဲ (Yom Kippur War) အပြီးတွင် အာရပ်ရေနံထုတ်လုပ်သူများက ရေနံတင်ပို့မှုကိုဖြတ်တောက်ပြီး ဈေးနှုန်းများ မြှင့်တင်ခဲ့သည်။ လပိုင်းအတွင်း ရေနံစိမ်းဈေးနှုန်း ၄ ဆခန့်မြင့်တက်သွားခြင်းက ဂျပန်ကဲ့သို့ သွင်းကုန်အပေါ် အားထားနေရသည့် စီးပွားရေးနိုင်ငံများကို တုန်လှုပ်သွားစေခဲ့သည်။

ယင်း၏ သက်ရောက်မှုမှာ အလွန်ပြင်းထန်ခဲ့သည်။ ဂျပန်သည် ၎င်း၏ ရေနံလိုအပ်ချက်အားလုံးနီးပါးကို တင်သွင်းမှုအပေါ် မှီခိုနေရသဖြင့် ဒုတိယကမ္ဘာစစ်အပြီး ဖြစ်ပေါ်နေသော စီးပွားရေးအရှိန်အဟုန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ အလုအယက် ဝယ်ယူစုဆောင်းမှုများပျံ့နှံ့သွားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်စီးပွားရေးကျဆင်းသွားကာ တိုးတက်မှုနှေးကွေးသည့်ကာလ၏ အစပျိုးမှုဖြစ်ခဲ့သည်။

၁၉၇၉ ခုနှစ် ဒုတိယအကြိမ် ရေနံအကျပ်အတည်းကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ဂျပန်နိုင်ငံသည် စွမ်းအင် ကို ထိရောက်စွာအသုံးချခြင်း၊ စွမ်းအင်ရင်းမြစ်များကို အမျိုးမျိုးပြောင်းလဲခြင်းနှင့် မဟာဗျူဟာမြောက် အရန်သိုလှောင်မှုများကို တည်ဆောက်ခြင်းဖြင့် အခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင် စတင် ပြင်ဆင်ပြီးဖြစ်နေပြီဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂