ကမ္ဘောဒီးယားတွင် လောင်စာဆီစျေးနှုန်းမြင့်တက်စဉ် လျှပ်စစ်ကားများ ပိုမိုရေပန်းစားလာ

News Image

  • ကမ္ဘောဒီးယားတွင် လောင်စာဆီစျေးနှုန်းမြင့်တက်စဉ် လျှပ်စစ်ကားများ ပိုမိုရေပန်းစားလာ

ကမ္ဘောဒီးယားနိုင်ငံ၌ လောင်စာဆီဈေးနှုန်းမြင့်တက်နေစဉ် လျှပ်စစ်စွမ်းအင်သုံးကားများမှာ လူကြိုက်များ ရေပန်းစားလာနေကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ မှတ်ပုံတင်ထားသော လျှပ်စစ်ကားစုစုပေါင်း ၁၀၃၆၃ စီးရှိကြောင်း ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖန်ရင်းက မတ်လ ၂၇ ရက်တွင် ပြောကြားသည်။

ထို့ပြင် လျှပ်စစ်ဆိုင်ကယ် ၃၄၄၉ စီးနှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ် ၇၂၂ စီးလည်း မှတ်ပုံတင်ထားကြောင်း သိရသည်။ 

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်းတွင် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာပြီးနောက် ကမ္ဘောဒီးယားတွင်လည်း ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများမှာ၄၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၈၄ ရာခိုင်နှုန်းအထိ အသီးသီး မြင့်တက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် သုံးစွဲသူများက လောင်စာဆီကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်ကိုမထိခိုက်စေသည့် လျှပ်စစ်ကားများကို ပိုမိုပြောင်းလဲအသုံးပြုလာခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် BYD၊ GAC နှင့် Toyota စသည့် လျှပ်စစ်ကားအမှတ်တံဆိပ်များမှာ လူကြိုက်အများဆုံးဖြစ်နေသည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် လျှပ်စစ်ကားအရေအတွက်ကို အစီးရေ ၃၀၀၀၀ အထိတိုးမြှင့်ရန် အစိုးရကရည်မှန်းထားပြီး ယခုကဲ့သို့ သုံးစွဲသူများပြားလာခြင်းသည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် အရွေ့တစ်ခုဖြစ်လာကြောင်း သိရသည်။ 

Ref: Xinhua

MWD