တစ်နှစ်ပတ်လုံး ပြောင်းဖူး စိုက်ပျိုးရောင်းချခြင်းဖြင့် တောင်သူများ အဆင်ပြေ
ညောင်ဦး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပြောင်းဖူးစိုက်ပျိုးရောင်းချသည့် တောင်သူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါကျေးရွာများ၌ ပြောင်းဖူးကို မြေအောက်ရေအသုံးပြုကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးရောင်းချကြ ကြောင်း၊ ပြောင်းဖူးစိုက်ပျိုးရာတွင် ဈေး ကွက်အခြေအနေထက် ပြောင်းဖူးတစ်သီး စိုက်ပျိုးလျှင် အချိန်နှစ်လခန့်ဖြင့် ထွက်ပေါ် သောကြောင့် ငွေပေါ်မြန်ကြောင်း၊ ထွက်ရှိ လာသည့်ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံ ကားလမ်းမကြီးဘေး၌ ယာယီတဲ များထိုးကာ ရောင်းချကြကြောင်း သိရသည်။
ယင်းဒေသများ၌ ပြောင်းဖူးစိုက်ပျိုးသည့် တောင်သူများက မျိုးကောင်းမျိုးသန့် များကိုသာ ရွေးချယ်စိုက်ပျိုးခြင်းကြောင့် ထွက်ရှိလာသည့် ပြောင်းဖူးများမှာ အရည်အသွေးကောင်း၍ ဈေးကောင်းရရှိကြောင်း၊ စိုက်ပျိုးသည့်ပြောင်းဖူးများမှာ အစေးပြောင်း၊ သကြားပြောင်းနှင့် ကြက် တမော့ပြောင်းတို့ဖြစ်ပြီး မိုးရာသီတွင် စိုက်ပျိုးပါက သုံးလခန့်တွင် ထွက်ပေါ် ကြောင်း၊ ဆောင်းရာသီနှင့် နွေရာသီတို့တွင် နှစ်လခန့်ဖြင့်ထွက်ပေါ်ကြောင်း တောင်သူဦးဝင်းတင့်ကပြောသည်။
လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဖူးများကို ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာနှင့် ကျောက်ပန်းတောင်းမြို့တို့မှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြသည့် အပြင် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှ ပြောင်းဖူးပွဲစားများကလည်း လာရောက် ဝယ်ယူကြကြောင်း သိရသည်။
MWD
