အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် အာရပ်နိုင်ငံများ ဒေါ်လာဘီလီယံ ၂၀၀ နီးပါး ဆုံးရှုံးနိုင်ဖွယ်ရှိ
အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် အာရပ်နိုင်ငံများ၏ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ပြင်းထန်သော ထိုးနှက်ချက်များ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါနိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ အစီရင်ခံစာကို ကိုးကား၍ Bloomberg သတင်းဌာနက ဖော်ပြထားသည်။
မျက်မှောက်ကာလအရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားလျက်ရှိသော ကာလတို စစ်ရေးပဋိပက္ခများသည် အာရပ်ဒေသတစ်ဝန်းလုံးအပေါ် ကြီးမားကျယ်ပြန့်သော လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ထို့ပြင် ဒေသတွင်းပဋိပက္ခများကြောင့် အလုပ်လက်မဲ့နှုန်းမှာ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ပြီး အလုပ်အကိုင်ပေါင်း ၃ ဒသမ ၆ သန်းခန့် ဆုံးရှုံးရဖွယ်ရှိသကဲ့သို့ လူဦးရေ ၄ သန်းနီးပါးမှာ ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
အလားတူပင် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်နှင့် ဆော်ဒီအာရေဗျတို့အနေဖြင့် ၎င်းတို့၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၅ ဒသမ ၂ ရာခိုင်နှုန်းကျော်အထိ ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသတွင်းစီးပွားရေးအပေါ် ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည့် အလားအလာရှိနေသော်လည်း ဒေသတွင်းနိုင်ငံအချို့ဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ဘာရိန်းတို့သည် အီရန်အပေါ် ဆက်လက်တိုက်ခိုက်ရန် အမေရိကန်နှင့် အစ္စရေးတို့အား ထောက်ခံအားပေးလျက်ရှိကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။
ထို့ကြောင့် မျက်မှောက်ကာလအရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများတွင် သွယ်ဝိုက်ပါဝင်နေသည့် ပင်လယ်ကွေ့နိုင်ငံအချို့က စစ်ပွဲကို ဆက်လက်ထောက်ခံနေသည့်အတွက် လက်နက်ကိုင်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအကျိုးဆက်များ လျော့နည်းလာမည့် အလားအလာနည်းပါးနေသည်။
အီရန်အစိုးရသည် လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ရန် ထောက်ခံအားပေးနေသည့်နိုင်ငံများနှင့် ဆက်နွှယ်သော ကုန်တင်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်။
ထို့ပြင် လက်ရှိပဋိပက္ခအတွင်း အီရန်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အဆိုပါ ရေလက်ကြားမှ ဖြတ်သန်းသွားလာသည့် ရေနံတင်သင်္ဘောအချို့မှာ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
အီရန်အနေဖြင့် ရုရှား၊ အိန္ဒိယ၊ အီရတ်၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့အပါအဝင် မိတ်ဖက်နိုင်ငံများကိုမူ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းအသုံးပြုခွင့် ပေးထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်အရာခ်ချီက မတ်လ ၂၅ ရက်တွင် ပြောကြားထားသည်။
Ref: Ts
MWD
