တောင်အာဖရိကတွင် စက်သုံးဆီစျေးနှုန်းများ စံချိန်တင်မြင့်တက်တော့မည်ဖြစ်၍ အစိုးရမှ အရေးပေါ်အဖြေရှာရန်ပြင်ဆင်
တောင်အာဖရိကနိုင်ငံတွင် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများ စံချိန်တင်မြင့်တက်တော့မည်ဖြစ်ကြောင်း သမ္မတ စိုင်ရယ်လ် ရာမာဖိုဆာ (Cyril Ramaphosa) က ပြည်သူများကို သတိပေးလိုက်ပြီး စားသုံးသူများအပေါ် သက်ရောက်မည့် ဒဏ်ကို လျော့ပါးသက်သာစေရန် အရေးပေါ်အစီအမံများချမှတ်ရန် ဝန်ကြီးများကို ညွှန်ကြားထားသည်။
အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပရှိ စစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် တောင်အာဖရိကငွေကြေး (ရန်း) တန်ဖိုး ကျဆင်းလာခြင်းတို့မှာ အဆိုပါ စျေးနှုန်းခုန်တက်မှု၏ အဓိကအကြောင်းရင်းများ ဖြစ်သည်။ ခန့်မှန်းချက်များအရ ဓာတ်ဆီစျေးမှာ တစ်လီတာလျှင် ၆ ရန်းခန့်နှင့် ဒီဇယ်စျေးမှာ ၁၀ ရန်းကျော်အထိ မြင့်တက်နိုင်ကာ ဂေါ်တင် ပြည်နယ်တွင် ဒီဇယ်တစ်လီတာလျှင် ၂၉ ရန်းကျော်အထိ စံချိန်တင် ရောက်ရှိသွားနိုင်ဖွယ် ရှိနေသည်။
သမ္မတ ရာမာဖိုဆာက ထိုကဲ့သို့ စက်သုံးဆီစျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းသည် သာမန်ပြည်သူများ၏ လူနေမှုစရိတ်ကို ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်ဖြစ်ရာ မိမိအနေဖြင့် ညဘက် အိပ်မပျော်နိုင်အောင် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ကြောင့် ဘဏ္ဍာရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာဝန်ကြီးများအား ပြည်သူများအတွက် အကောင်းဆုံးဖြေရှင်းချက်များ ရှာဖွေဖော်ထုတ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် ၎င်းက အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်များကိုရှုတ်ချကာ နိုင်ငံတကာပထဝီနိုင်ငံရေး တင်းမာမှုများသည် ပြည်တွင်းစီးပွားရေးအပေါ် တိုက်ရိုက်ဖိအားပေးနေကြောင်း ထောက်ပြခဲ့သည်။
လက်ရှိစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အစိုးရအနေဖြင့် ပြည်တွင်းစက်မှုအင်အား တည်ဆောက်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စွမ်းအင်လုံခြုံရေးကို မြှင့်တင်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်သွားမည် ဟု သမ္မတက ဆိုသည်။
အထူးသဖြင့် စွမ်းအင်၊ ရေနှင့် လမ်းတံတားကဲ့သို့သော အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်ခြင်းဖြင့် စီးပွားရေး တိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ဒီမိုကရေစီ သက်တမ်းနှစ် ၃၀ အတွင်း ရရှိခဲ့သော အောင်မြင်မှုများကိုထိန်းသိမ်းကာ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကိုကာကွယ်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတက အလေးအနက်ထား ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
