အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုက အာရှလေကြောင်းလိုင်းများကို ရိုက်ခတ်
ပဋိပက္ခမဖြစ်ပွားမီက ဆစ်ဒနီမှ လန်ဒန်သို့ ပျံသန်းသည့် Cathay Pacific လေကြောင်းလိုင်း၏ Economy Class လက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁,၃၇၀ ခန့်သာ ရှိခဲ့သည်။ သို့သော် ယခုအခါလောင်စာဆီအပိုဆောင်းခများ ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် လက်မှတ်ဈေးမှာ ဒေါ်လာ ၂,၀၀၀ ကျော်အထိ မြင့်တက်သွားပြီး အချို့ရက်များ တွင် ဒေါ်လာ ၃,၅၀၀ ကျော်အထိပင် ရှိနေပြီဖြစ်သည်။
အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြား စစ်ပွဲမစတင်မီက ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလုပ်ငန်းကဏ္ဍသည် ၂၀၂၆ ခုနှစ်အတွင်း စံချိန်တင် အမြတ်ငွေ ဒေါ်လာ ၄၁ ဘီလီယံအထိ ရရှိရန် ခန့်မှန်းခဲ့ကြသည်။ သို့သော် လေယာဉ်ဆီဈေးနှုန်းမှာ နှစ်ဆကျော်အထိ မြင့်တက်လာ သောကြောင့် လေကြောင်းလိုင်းများမှာ ဖိအားများနှင့်ရင်ဆိုင်နေရပြီး အခြေအနေကိုထိန်းချုပ်နိုင်ရန် အသည်းအသန် ကြိုးပမ်းနေကြရသည်။
Air New Zealand မှသည် Vietnam Airlines အထိ လေကြောင်းလိုင်း အသီးသီးသည် ခရီးစဉ်များကို စတင်လျှော့ချလာကြပြီဖြစ်သည်။ Korean Air သည်လည်း လောင်စာဆီပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်ရန် "အရေးပေါ် စီမံခန့်ခွဲမှုစနစ်" (Emergency Management Mode) သို့ ပြောင်းလဲ လိုက်ပြီဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ကလည်း လေယာဉ် ခရီးစဉ်များအားလုံး ရပ်နားလိုက်ရမည့် အခြေအနေမှာ ဖြစ်လာနိုင်ခြေ အရှိဆုံး အခြေအနေဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မိမိတို့နိုင်ငံ၏ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လေယာဉ်ဆီ ပြည်ပသို့တင်ပို့မှုကို ပိတ်ပင်လိုက်သည်။ တစ်ဖက်တွင်လည်း တရုတ်လေကြောင်းလိုင်းများသည် အဆိုပါ အကျပ်အတည်းအတွင်း အခွင့်အရေးသစ်များကို ရှာဖွေလျက်ရှိသည်။ ၎င်းတို့သည် အရှေ့ အလယ်ပိုင်းဒေသကို ရှောင်ကွင်းပြီး ရုရှားလေပိုင်နက်ကိုအသုံးပြုကာ ဥရောပသို့ ပျံသန်းသည့် ခရီးစဉ်ပေါင်းထောင်နှင့်ချီ၍ တိုးမြှင့်ခဲ့သည်။
သို့သော်လည်း တရုတ်လေကြောင်းလိုင်းများသည် အီရန် စွမ်းအင်အကျပ်အတည်း၏ ရိုက်ခတ်မှုဒဏ်မှ လွတ်ကင်းခြင်းမရှိသေးပေ။ ယခု သီတင်းပတ်အစောပိုင်းတွင် ဒေသတွင်းလေကြောင်းလိုင်းဖြစ်သော Colorful Guizhou Airlines က ဧပြီလ ၅ ရက်နေ့မှစ၍ ပြည်တွင်း ခရီးစဉ်များအတွက် လောင်စာဆီအပိုဆောင်းခကို ၅ ဆအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ အကြီးဆုံး နိုင်ငံပိုင်လေကြောင်းလိုင်းကြီးသုံးခုဖြစ်သော Air China၊ China Eastern နှင့် China Southern Airlines တို့ အားလုံးသည် ယခုနှစ်အတွက် သတိထားစောင့်ကြည့်ရမည့် အလားအလာများရှိနေကြောင်း အစီရင်ခံထားသည်။ China Eastern Airlines ၏ တနင်္လာနေ့ (မတ် ၃၀) နှစ်ပတ်လည်အစီရင်ခံစာတွင် "ပထဝီနိုင်ငံရေးပဋိပက္ခများ၏ အကျိုးသက်ရောက်မှုများမှာ ဆက်ရှိနေဦးမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းမှာလည်း အားနည်းနေဦးမည်ဖြစ်သည်" ဟု ဖော်ပြထားသည်။
HSBC ဘဏ်၏ အဆိုအရ တရုတ်လေကြောင်းလိုင်းကြီး သုံးခု၏ ယခုနှစ် ပထမနှစ်ဝက် လည်ပတ်မှုအသုံးစရိတ်တွင် လောင်စာဆီဖိုးမှာ ၃၅ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရှိရသည်။
အီရန်နိုင်ငံက ဟော်မုဇ် ရေလက်ကြားကို ထိရောက်စွာ ပိတ်ဆို့လိုက်သည့်အတွက် ၎င်းရေလက်ကြားမှတစ်ဆင့် သယ်ယူပို့ဆောင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အခြားဒေသများထက် ပိုမိုမှီခိုနေရသော အာရှဒေသမှာ အထိခိုက်ဆုံးဖြစ်နေသည်။ အီရန်အနေဖြင့် ထိုရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားသရွေ့ အာရှမှသည် အမေရိကန်အထိ ကမ္ဘာတစ်ဝန်းတွင် လောင်စာဆီဈေးနှုန်းများ ဆက်လက် မြင့်တက်နေမည်ဖြစ်ပြီး လေကြောင်းလိုင်းများကလည်း ၎င်းစရိတ်များကို သုံးစွဲသူများထံမှသာ ပြန်လည်ကောက်ခံသွားမည် ဖြစ်သည်။
ကိုးကား- CNN
Photo: Financial Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
