လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း မျှင်ငါးပိ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း မျှင်ငါးပိ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

လပွတ္တာ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း မျှင်ငါးပိ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့်မတ်လက မျှင်ငါးပိ ပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလတစ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၂၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

"လပွတ္တာမြို့နယ်ကနေ မျှင်ငါးပိတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း မျှင်ငါးပိ ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်က လက်ရှိမှာလဲ မျှင်ငါးပိတွေ မှာယူတာများနေပါတယ်။ မျှင်ငါးပိတွေက ဒေသဈေးကွက်မှာကို ဝယ်လိုအားကောင်းနေပါတယ်။ အခုလိုမျှင်ငါးပိတွေ တင်ပို့ရောင်းချအားကောင်းလာတော့ ပွဲရုံပိုင်ရှင်တွေအပြင် ရေလုပ်သားတွေပါ အဆင်ပြေလာပါတယ်''ဟု လပွတ္တာမြို့နယ် ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ငါးပိငါးခြောက်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသခံရေလုပ်သားများ ပင်လယ်ပြင်က ဖမ်းဆီးရရှိသည့် မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းသည် ဒေသထုတ်ကုန်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး မျှင်ငါးပိလုပ်ငန်းတစ်ခုလျှင် လုပ်သားအနည်းဆုံး ၁၅ ဦးမှ ၂၅ ဦးထိ အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံ