မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးဖယ်ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
မော်လမြိုင်ကျွန်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ ဧပြီလအတွင်း ငါးဖယ်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးအေးက ပြောပြသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးဖယ်များကို စနစ်တကျသန့်စင်ပြီး ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ မတ်လအတွင်းက ငါးဖယ်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလအတွင်း ငါးဖယ်ပိဿာချိန် ၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချအား ကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ငါးဖယ် ပိဿာချိန် ၆၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန် ဈေးကွက်က အခုမေလထဲမှာလဲ ငါးဖယ်တွေ မှာယူအားတက်နေပါတယ်။ အခုလို ငါးဖယ်တွေ တင်ပို့အားကောင်းလာတာကြောင့် ငါးလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အဆင်ပြေလာပါတယ်"ဟု မော်လမြိုင်ကျွန်းမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးအေးက ပြောပြသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးဖယ် တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ မှ ငွေကျပ် ၄၅၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ ငါးဖယ်များ တင်ပို့ရောင်းချနေရခြင်းကြောင့် ပွဲရုံပိုင်ရှင်များ၊ ရေလုပ်သားများအဆင်ပြေနေကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံ
